Connect with us

Videos

သမ္မတရှီက နင်းရှပြည်သူများ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးတိုက်ပွဲ အား အနိုင်တိုက်ရန် အထူးအလေးထား မှာကြား

နင်းရှဟွေ့၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် နိုင်ငံ၏ အနောက်မြောက်ပိုင်း နင်းရှဟွေ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ လှည့်လည် ကြည့်ရှုစစ်ဆေးရာတွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆိုင်ရာ ခိုင်မာသောအောင်မြင်မှုများ၊ ခိုင်မာသောဂေဟစနစ်နှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် မျိုးနွယ်စုများ ၏ ဖွံဖြိုးတိုးတက်ရေးကိစ္စရပ်များအား  တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကြိုးပမ်းအားထုတ်မှုများကို လေ့လာခဲ့သည်။ သမ္မတရှီကျင့်ဖိန်၏ နင်းရှ ခရီးစဉ်အတွင်း ပြည်သူများအနေဖြင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး တိုက်ပွဲအား အနိုင်တိုက်ကြရန် အထူးအလေးအနက်ထားမှာကြားခဲ့သည်။ 

၂၀၂၀ ပြည့်နှစ် ဇွန်လ ၈ ရက်တွင် သမ္မတရှီကျင့်ဖိန်သည် နိုင်ငံ၏ အနောက်မြောက်ပိုင်း နင်းရှဟွေ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝူကျုန်း မြို့ သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဟုန်တဲ့ ကျေးရွာသို့အရောက်တွင် သမ္မတရှီကျင့်ဖိန်သည် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးမြှင့်တင်မှုဆိုင်ရာကြိုးပမ်းဆောင်ရွက်မှုများ ကို လေ့လာကြည့်ရှုခဲ့သည်။ 

သမ္မတရှီကျင့်ဖိန်က ကျေးရွာသားများအား ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်သွားရန်မျှော်လင့်ကြောင်းနှင့် ၎င်းတို့၏ လူမှုဘဝများကိုပိုမိုကောင်းမွန်လာအောင် ဖန်တီးတည်ဆောက်သွားကြရန် မှာကြားခဲ့သည်။ 

မြစ်ဝါမြစ်အပိုင်းဆီသို့ သွားရောက်ကြည့်ရှုရာတွင် သမ္မတရှီကျင့်ဖိန်က မြစ်ဝါမြစ်၏ ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာများကို လေ့လာခဲ့သည်။ 

သမ္မတရှီက မြစ်ဝါမြစ်သည် တရုတ်နိုင်ငံ၏ မိခင်မြစ်ကြီးတစ်စင်း ဖြစ်ပြီး နင်းရှဒေသအနေဖြင့် မြစ်ဝါမြစ်ကြီးအား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ရန်မှာကြားခဲ့သည်။

ထို့အပြင် ရှီသည် တိုင်းရင်းသားမျိုးနွယ်စုများစွာ စုပေါင်းနေထိုင်သည့် ရပ်ကွက်တစ်ခုသို့လည်း သွားရောက်လည်ပတ်ခဲ့သည်။

သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ ရှုထောင့်ပေါင်းစုံတွင်အလယ်အလတ်သာယာဝပြောသော လူ့အဖွဲ့အစည်း တည်ဆောက်ရာတွင် မည်သည့် မျိုးနွယ်စုကိုမျှ နောက်တွင်ချန်ထားရစ်ခဲ့မည်မဟုတ်ကြောင်းဆိုသည်။

ဇွန် ၉ ရက်တွင် သမ္မတရှီသည်  ရင်ချွမ်း မြို့ရှိ ဟဲလန် စီရင်စုကို သွားရောက်ခဲ့သည်။

ရှီက ကျေးလက် သဘာဝခရီးသွား (ecotourism) ဥယျာဉ် တစ်ခုသို့သွားရောက်လည်ပတ်ခဲ့သည်။

သမ္မတရှီက ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုအယူအဆများကို ထိန်းသိမ်းဆောင်ရွက်သွားကြရန် နှင့် ခေတ်မီ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလာရေးလုပ်ငန်းများကိုဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် တောင်သူများ၏ အကျိုးစီးပွားကိုရှေ့တန်းတင်ဆောင်ရွက်သွားရန် အလေးအနက်ထားမှာကြားခဲ့သည်။ 

ထို့နောက် ရင်ချွမ်းမြို့၏ ဟဲလန် တောင်များအနီးရှိ စပျစ်ခြံတစ်ခြံကိုသွားရောက်ကြည့်ရှုခဲ့သည်။

သမ္မတရှီ က ဟဲလန် တောင်တန်းများ၏ ဂေဟစနစ် ဆိုင်ရာထိန်းသိမ်းစောင့်ရှောက်ရေး ခိုင်ခိုင်မာမာလုပ်ဆောင်နိုင်ရန် ပြတ်သားသောအစီအမံများကိုဆောင်ရွက်သွားရေးတို့ကိုတိုက်တွန်းခဲ့သည်။

ဇွန် ၁၀ ရက် မနက်ပိုင်းတွင် သမ္မတရှီသည် တရုတ်ကွန်မြူနစ်ပါတီ နင်းရှဒေသဆိုင်ရာကော်မတီ နှင့် ဒေသ အစိုးရတို့မှ တင်သွင်းသည့် လုပ်ငန်းအစီရင်ခံစာများကို ကြားနာသည်။

သမ္မတရှီကျင့်ဖိန်က  အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရေး မရပ်မနားဆောင်ရွက်ကြရန်၊ စီးပွားရေးဖွံဖြိုးတိုးတက်မှု နည်းလမ်း အသွင်ပြောင်းမှုများကိုအရှိန်မြှင့်တင်ရန်၊ စက်မှုကဏ္ဍအသွင်ပြောင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများအားအရှိန်မြှင့်ဆောင်ရွက်ရန် နှင့် ဟောင်းနွမ်းသော ဖွံ့ဖြိုးမှုမြှင့်တင်ရေးနည်းလမ်းများအားသစ်လွင်သောနည်းလမ်းများနှင့်အစားထိုးခြင်းတို့ကို လျင်မြန်စွာပြီးမြောက်အောင် ဆောင်ရွက်ကြရန်မှာကြားသည်။

ရှီက ပြုပြင်ပြောင်းလဲမှုနှင့်တံခါးဖွင့်ဝါဒ ကို မကြုံစဖူးအောင်မြင်မှုအသစ်များရရှိစေရန် ပြုပြင်ပြောင်းလဲမှုများကို သတ်မှတ်ထားသည့်အတိုင်းဆောင်ရွက်ရန်နှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာလုပ်ငန်းစဉ်များကို ပံ့ပိုးရန်လိုအပ်ကြောင်းဆိုသည်။ 

အလွန်အရေးကြီးသည့်ပြဿနာများနှင့် အားနည်ချက်များကိုဖြေရှင်းကာ သတ်မှတ်ထားသည့်အတိုင်း ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးရည်မှန်းချက်များကို ပြည့်မီရန် အားသွန်ခွန်စိုက်ကြိုးပမ်းသွားခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ပွဲကို အောင်မြင်စေရန် သံန္ဒိဌာန်ချထားသင့်ကြောင်း သမ္မတရှီကဆိုသည်။

နင်းရှဒေသ၏ ကောင်းကင်ကြီးတွင်အမြဲအပြာရောင်သန်းနေရန်၊ ရေကောင်းရေသန့်များရရှိစေရန်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရန်စသည့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်နှင့် ဂေဟစနစ် – သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို တွန်းအားပေးဆောင်ရွက်သွားရန်လည်းရှီကမှာကြားခဲ့သည်။ 

ရှီက ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးတိုးတက်မှု အယူအဆများကိုထိန်းသိမ်းရန် အလေးအနက်ထားကာဆောင်ရွက်စေလိုကြောင်း  အထူးသဖြင့် အလုပ်လက်မဲ့များ၊ ဘွဲ့ရများ၊ ကျေးလက်ရွှေ့ပြောင်းအလုပ်သမားများနှင့် တပ်မတော်သားဟောင်းများအတွက်  အလုပ်အကိုင်များရရှိနေစေရန်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းဆိုသည်။

ထို့အပြင် သမ္မတရှီကျင့်ဖိန်က ပါတီအဖွဲ့ဝင်များ အထူးသဖြင့် အဆင့်အသီးသီးမှ ခေါင်းဆောင်များအနေဖြင့် ပါတီ၏ မူလ ရည်မှန်းချက်များအတိုင်း စစ်မှန်စွာ ထမ်းရွက်ကြရန်၊ ရှင်းလင်းပြတ်သားစွာဆောင်ရွက်ကြရန် နှင့် နိုင်ငံရေးဦးတည်အချက်အတိုင်း ဦးလည်မသုန်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ 

ဒေသတွင်းဆင်းရဲနွမ်းပါးမှုလျှော့ချရေးအဖွဲ့မန်နေဂျာ ရှုလင်းက “အထွေထွေအတွင်းရေးမှူးက သာမန်လူတန်းစားတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ဒေသမှာနေထိုင်တဲ့ပြည်သူတွေကို အလွန်ဂရုတစိုက်ရှိခဲ့ပါတယ်” ဟု ဆိုသည်။

ဒေသတွင်းဆင်းရဲနွမ်းပါးမှုလျှော့ချရေးအဖွဲ့ဝင် မူအားရှီ က “ သူက တကယ်ပဲ ကြင်နာတတ်ပြီးလေးစားထိုက်သူတစ်ယောက်ပါ” ဟု ဆိုသည်။

ဒေသတွင်းဆင်းရဲနွမ်းပါးမှုလျှော့ချရေးအဖွဲ့ဝင် ကျောက်ရှုမေက “ သူက တကယ့်ကိုမိသားစုဝင်လိုပါပဲ သူနဲ့တွေ့ဆုံရတာမိသားစုဝင်နဲ့တွေ့နေရသလိုပါပဲ” ဟု ဆိုသည်။

ဒေသခံ စေတနာ့ဝန်ထမ်း ကောင်းကျာ က “အထွေထွေအတွင်းရေးမှူးက တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုအလွန်ဂရုစိုက်ပါတယ်၊တိုင်းရင်းသားများအားလုံး သလဲသီးစေ့ တွေလိုပဲ စည်းလုံးညီညွတ်စွာနေထိုင်သင့်ပါတယ်” ဟု ဆိုသည်။

“သမ္မတရှီကျင့်ဖိန်ရဲ့ လာရောက်လည်ပတ်မှုကြောင့် ကျွန်မတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ ကြိုးပမ်းအားထုတ်ထားမှုတွေဟာ တကယ်ကို ထိုက်တန်တယ်လို့ ခံစားမိပါကြောင်း”ကျေးလက် သဘာဝခရီးသွား (ecotourism) ဥယျာဉ်မှ စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင် လျိူယုံကျဲ့ ကဆိုသည်။ “ကျွန်မတို့ ကြိုးပမ်းအားထုတ် ထားသမျှဟာ မိခင်မြေအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ကြဉ်းပေးနိုင်မှာပါ”လို့သူကဆက်ပြောခဲ့သည်။ 

နင်းရှဒေသ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဋ္ဌာနမှ ညွှန်ကြားရေးမှူး ဝမ်ကန်းက “ ကျွန်တော်တို့အနေနဲ့  ရေအရင်းအမြစ်များချွေတာရေးဆည်မြောင်းစနစ်မြှင့်တင်ရေးနှင့် ခေတ်မီစိုက်ပျိုးရေး လုပ်ဆောင်ပြီးလူသားတို့နှင့် သဘာဝတရားတို့ လိုက်လျောညီထွေစွာနေထိုင်နိုင်ရေးလုပ်ဆောင်ရန် မြစ်ဝါမြစ်ကို ထိန်းသိမ်းဖို့လိုအပ်ပါတယ်” ဟုဆိုသည်။

ဝိုင် ကျွမ်းကျင်သူ သွမ်ချန်းချင် က လည်း “အထွေထွေအတွင်းရေးမှူးက နင်းရှဒေသရဲ့ အထူးစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွေကိုကောင်းစွာသိရှိနေပါတယ်၊ ကျွန်တော်ထင်တာတော့ နင်းရှဒေသအနေနဲ့ အခွင့်အရေးကို ဆုပ်ကိုင်ပြီးနောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုတွေကိုဟဲလန် တောင်ရဲ့ အရှေ့ဘက်ခြမ်းမှာ အတုမရှိတဲ့မှတ်တိုင်တွေစိုက်ထူသင့်ပါတယ်” ဟုဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.