Connect with us

Videos

အမေရိကန်-မြန်မာ ကုန်သွယ်မှု နှင့် ရင်းနှီးမြှပ်နှံမှု အလားအလာ ကောင်းမွန်သော အနာဂတ်များရှိ

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရှိနေသေးသော်လည်း အမေရိကန်နိုင်ငံနှင့် အလားအလာ ကောင်းမွန်သော ကုန်သွယ်မှု နှင့် ရင်းနှီးမြှပ်နှံမှု အနာဂတ်များရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်၌ ယနေ့ကျင်းပခဲ့သည့် U.S Myanmar Commercial Relations The Next Phase ကွန်ဖရင့်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကွန်ဖရင့်တွင် အမေရိကန်ကုန်သည်များအသင်း အရှေ့တောင်အာရှညွှန်ကြားရေးမှူး Mr. John Goyer (မစ္စတာဂျွန်ဂိုရာ) ကအသင်း၏ အမေရိကန်-မြန်မာဆိုင်ရာ ကြေညာစာ (White Paper) အားတင်ပြခဲ့ခြင်း ဖြစ်သည်။ အမေရိကန်စီးပွားရေး အသိုင်းအဝိုင်း အနေဖြင့် မြန်မာ့ဈေးကွက်စီးပွားရေးစနစ်ပွင့်လင်းလာရန် နှင့် နိုင်ငံတကာ အဆင့်မီဖြစ်လာရန် လက်တွဲဖော်အဖြစ် အပြည့်အဝထောက်ပံ့သွားမည်ဖြစ်ကြောင်း မစ္စတာ ဂျွန်ဂိုရာ ကဆိုသည်။
အမေရိကန်ကုန်သည်များအသင်းမှ ထုတ်ပြန်သည့်ကြေညာစာတွင် အမေရိကန် နိုင်ငံဥပဒေအရ မြန်မာနိုင်ငံအပေါ် ပြဌာန်းထားသည့် အရေးယူပိတ်ဆို့မှုများအား ရုပ်သိမ်းပေးရန် အကြံပြုထားကြောင်း၊ အခွန်သက်သာကင်းလွတ်ခွင့်အပါအဝင် ကုန်သွယ်မှုအထူးအခွင့်အရေးများ ပေးအပ်ရန် နှင့် နှစ်ဖက်ရင်းနှီးမြှုပ်နှံမှုအပြင် နည်းပညာ နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကူညီထောက်ပံ့မှုများ ပေးအပ်ရန် အတွက်ပါ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
ကုန်သည်စက်မှုအသင်းချုပ် နှင့် အမေရိကန်ကုန်သည်များအသင်း စကာၤပူရုံးခွဲတို့ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့သည်။ ယနေ့ကျင်းပသည့် ကွန်ဖရင့်သို့ အမေရိကန် ကုမ္ပဏီပေါင်း ၃၅ ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.