Connect with us

Videos

မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး အတွက် ငွေကျပ်သိန်း ၇၀၀၀ လှူဒါန်း (ရုပ်သံ)

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၊ ရုပ်သံတည်းဖြတ်/စုဝင့်

မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ COVID-19ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အတွက် ငွေကျပ်သိန်း ၇၀၀၀ ကို ယနေ့နိုဝင်ဘာ ၂၀ ရက်တွင်လှူဒါန်းခဲ့ပြီး အခမ်းအနားကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဆေးတက္ကသိုလ် (၁) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းငွေ ကျပ်သိန်း ၇၀၀၀ တွင်COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ ငွေကျပ်သိန်း ၅၀၀၀၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19ရောဂါ ကာကွယ်ကုသရေးအတွက် ခရိုင်/မြို့နယ် ဆေးရုံများအဆင့်မြှင့်တင်ရန်အတွက် ငွေကျပ်သိန်း ၂၀၀၀၊ စုစုပေါင်း ကျပ် သိန်း ၇၀၀၀ အား မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအိုင်ထွန်း က “COVID ပထမအကြိမ် စဖြစ်တုန်းက သိန်းပေါင်း ၂၆၀၀ ကျော်လှူထားပါတယ်။ ဒုတိယအကြိမ်စဖြစ်တော့ အသင်းသားတွေ အားလုံးစုစည်းလှူဒါန်းမှုကနေ ပိုက်ဆံသိန်းပေါင်း ၈၃၀၀ ကျော်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီကို ကျပ်သိန်းပေါင်း ၅၀၀၀ လှူပါမယ်၊ ရန်ကုန်တိုင်းမှာ ကျပ်သိန်းပေါင်း ၂၀၀၀ လှူပါမယ်၊ ကျန်တဲ့ သိန်းပေါင်း ၁၀၀၀ ကျော် ကိုလိုအပ်ချက် ရှိတဲ့နေရာကိုဆက်ပြီးလှူသွားပါမယ်။”ဟုပြောကြားခဲ့သည်။

COVID-19 ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးသို့ COVID-19 ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအတွက် ငွေကျပ်သိန်းပေါင်း ၂၀၀၀ လှူဒါန်းခြင်းအား အထူးကျေးဇူးတင်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

COVID-19ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က “ကျွန်တော်တို့ အမျိုးသားအဆင့် ဗဟိုကော်မတီကို ကျပ်သိန်း ၅၀၀၀၊ ရန်ကုန်တိုင်းအတွက် ကျပ်သိန်း ၂၀၀၀ လှူတာကျေးဇူးတင်ပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေကစပြီး ကျွန်တော်တို့နိုင်ငံမှာ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုလုပ်ပါတယ်။ နှာခေါင်းစည်းတင်မကဘူး face shield တွေပါ ဝတ်စေချင်ပါတယ်။ တစ်ရက်တည်း လုပ်ရမယ့် ကိစ္စ မဟုတ်ပါဘူး။ ဆက်တိုက်လုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒုတိယလှိုင်းက ဘယ်လောက်ကြာမလဲ ဆိုတာ က ပြည်သူများရဲ့ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်။ ပြည်သူများပူးပေါင်းဆောင်ရွက်မှု ကောင်းရင် COVID ဒုတိယလှိုင်း အမြန်ပြီးသွားမှာပါ။’’ ဟု Video Conferencing စနစ်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အလှူငွေလွှဲပြောင်းလက်ခံပြီးနောက်၊ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.