Connect with us

Videos

သမ္မတကြီးက NLDအဖွဲ့ချုပ်အနေဖြင့် လွှတ်တော် နေရာ အများစု အနိုင်ရနေမှုအပေါ်ဂုဏ်ပြုခဲ့

ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတကြီးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အား ဂုဏ်ပြုကြောင်းစကား ကို သမ္မတရုံး ဝက်ဘ်ဆိုက်မှတစ်ဆင့် ယနေ့နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အပြည့်အစုံမှာ ၁။ ၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာ ၈ ရက်နေ့ တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို တည်ငြိမ် အေးချမ်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ထိုသို့အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံသားတာဝန် ကျေပွန်စွာ ပါဝင်မဲပေးခဲ့ကြသော တိုင်းရင်းသား မိဘပြည်သူများအားလုံး၊ အောင်မြင်သော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် တာဝန်ဆောင်ရွက်ခဲ့ကြသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အဆင့်ဆင့်သော ကော်မရှင်များ၊ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်ခဲ့ကြသော တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းများ၊ ရွေးကောက်ပွဲအထူးရဲများ၊ လေ့လာစောင့်ကြည်မှုများ ဆောင်ရွက်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ ဂုဏ်သိက္ခာ ရှိရှိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အားလုံးကို နိုင်ငံတော်နှင့် နိုင်ငံသားများ ကိုယ်စား ကျေးဇူး ဥပကာရ အထူးပင် တင်ရှိပါသည်။
၂။ လက်ရှိအချိန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည့် ရလဒ်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက လွှတ်တော် နေရာ အများစုဖြင့် ဦးဆောင်နေသဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိစေရန် စွမ်းဆောင်ခဲ့သော ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အောင်မြင်မှုကို လှိုက်လှဲဝမ်းမြောက်စွာ ချီးကျူးဂုဏ်ပြုအပ်ပါသည်။
၃။ နိုင်ငံတော် အစိုးရအနေဖြင့် မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူများ၏ ရွေးချယ်မှုနှင့် အဆုံးအဖြတ်ကို လေးစားလိုက်နာပြီး သတ်မှတ်အချိန်များ အတိုင်း အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်းနိုင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၄။ ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသည့် တွေ့ဆုံ ဆွေးနွေးရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ လုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ပါသည်။
၅။ ရွေးကောက်ပွဲအလွန် ကြားကာလ တည်ငြိမ် အေးချမ်းမှု ရှိစေရန် အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည် ဟုဖော်ပြပါရှိပါသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံ၍ သမ္မတကြီးနှင့် လာမည့် အပတ် အတွင်း အဆင်ပြေမည့် အချိန်တွင် တွေ့ဆုံ ဆွေးနွေးလိုပါကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆို မေတ္တာရပ်ခံစာကို နိုဝင်ဘာ ၁၀ ရက်နေ့ရက်စွဲဖြင့်လက်မှတ် ရေးထိုး ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.