Connect with us

Videos

တရုတ် PLA ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ မြန်မာနိုင်ငံတွင် ကူညီ ဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် ပြန်လည်ထွက်ခွာ

ရန်ကုန် ၊ မေ ၁၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည် COVID-19 ရောဂါတိုက်ဖျက်ရေး ကူညီပူးပေါင်းဆောင်ရွက်မှုများ ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ပြုလုပ်ပြီးနောက် မေ ၁၂ ရက် တွင် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည် မြန်မာနိုင်ငံမှ ပြန်လည် မထွက်ခွာမီ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် video conferencing စနစ်ဖြင့် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးပြီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထို့သို့ တွေ့ဆုံမှုများ အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ခေါင်းဆောင် ပါမောက္ခ Dr. Bai Chong က မြန်မာနိုင်ငံ၌ ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းက ကျွမ်းကျင်ပညာရှင် အဖွဲ့၏ ဆောင်ရွက်ချက်များသည် မိမိတို့အတွက် များစွာ အဖိုးတန်ကြောင်း နှင့် ကျေးဇူးတင်ကြောင်း တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စစ်သံမှူး ရှုန်းဆောင်ဝေ(Xiong Shaowei)က တရုတ်တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ အား မြန်မာ့ တပ်မတော်ဘက်က အကြီးအကဲများ ၊ ဆရာဝန်များ ၊ တပ်မတော်ဆေးရုံမှ ဆရာဝန်များ အားလုံး၏ နွေးထွေးသော ကြိုဆိုမှုနှင့် ကူညီပေးမှုကို ကောင်းစွာခံစားခဲ့ရကြောင်း ၊ ယင်းမှာ နှစ်နိုင်ငံ၏ ကပ်ရောဂါကို အတူတကွ တိုက်ဖျက်မည် ဆိုသည့် စိတ်ဓာတ်ကို ပို၍ ခိုင်ခိုင်မာမာ ပြသနိုင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့သည် မေ ၁၂ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ နှင့် အမှတ် ၁ တပ်မတော်ဆေးရုံ တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေးအား တရုတ်နိုင်ငံ ဘက်က ဆက်လက် ကူညီပေးမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ယခုရရှိခဲ့သည့် အတွေ့အကြုံကောင်းများကို မြန်မာ့တပ်မတော် ဆေးဘက်ပညာရှင်များက ရှေ့ဆက်၍ COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး ကိစ္စရပ်များတွင် များစွာ အသုံးဝင် အောင်ဆောင်ရွက်သွားနိုင်မည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.