Connect with us

News

စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကယားပြည်နယ်တို့၌ တားမြစ်မိန့်များ အသီးသီး ထုတ်ပြန် 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပိုးသတ်ဆေးဖြန်းနေသူ တစ်ဦးအား တွေ့ရစဉ်(ဓာတ်ပုံ - Sagaing Region Government Office)

 

ရန်ကုန် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကယားပြည်နယ်တို့၌ COVID-19 ရောဂါပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် ဧပြီ ၇ ရက်တွင် စတင်မည့် တားမြစ်မိန့်များကို အသီးသီး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေး နှင့် ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းများ အတွက် ဧပြီ ၇ ရက် နံနက် (၀၀:၀၁) နာရီမှ စတင်၍ ဧပြီ ၂၁ ရက် ည(၂၄:၀၀)နာရီထိ လိုက်နာဆောင်ရွက်ကြရမည့် စည်းကမ်းချက်များအား ထုတ်ပြန်ခဲ့သည်။ 

ယင်းတားမြစ်မိန့်သည် ဧပြီ ၇ ရက်မှ စတင်အသက်ဝင်မည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများက ယနေ့တွင် အတည်ပြု ပြောကြားခဲ့ကြသည်။ ယင်းစည်းကမ်းချက်များထဲတွင် စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများ ထုတ်လုပ် ၊ ရောင်းချခြင်းလုပ်ငန်းများ ၊ စက်သုံးဆီ အရောင်းဆိုင်များ ၊ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများ ၊ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများ ၊ ဘဏ်များ စသည့် လုပ်ငန်းများအား ပုံမှန်အတိုင်း ဆက်လက် ထုတ်လုပ် ဖွင့်လှစ်ရောင်းချသွားကြရန် နှင့် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းများ ၊ ရေယာဉ်လိုင်းများ ပြေးဆွဲခြင်းကို ယာယီရပ်ဆိုင်းထားရန် ၊ ဟိုတယ် ၊ မိုတယ် ၊ INN နှင့် တည်းခိုခန်းများ ယာယီပိတ်ထားကြရန် ၊ ကစားကွင်း ၊ ပန်းခြံနှင့် အများပြည်သူ အပန်းဖြေ သွားလာသော နေရာများကို ယာယီပိတ်ထားရန် နှင့် ပြည်သူများကလည်း သွားရောက် လည်ပတ်ခြင်း မပြုကြရန် ၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ အနေဖြင့် အခြားပြည်နယ်/တိုင်းဒေသကြီးများသို့ ကျန်းမာရေး ကိစ္စနှင့် နာရေးကိစ္စများမှအပ ကျန်တခြားကိစ္စရပ်များ အတွက် မဖြစ်မနေ ခရီးသွားလိုပါက မိမိနေထိုင်သည့် မြို့နယ် COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ၏ ထောက်ခံချက် ရယူပြီးမှ သွားလာကြရန်တို့ ပါဝင်ကြောင်း သိရသည်။ 

ကယားပြည်နယ်အတွင်း ကိုယ်ပူချိန် တိုင်းတာ စစ်ဆေးနေမှု တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ – ကယားပြည်နယ်အစိုးရအဖွဲ့ရုံး) 

အဆိုပါ စည်းကမ်းချက်များသည် အများပြည်သူအကျိုးအတွက် ရည်ရွယ်သတ်မှတ်ခြင်းဖြစ်သဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ပေးကြရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ပြည်သူများ သိရှိ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။ 

ကယားပြည်နယ် အတွင်း ထုတ်ပြန်ထားသည့် တားမြစ်မိန့်တွင် ကယားပြည်နယ်အတွင်း၌ မရှိမဖြစ်လိုအပ်သော စားသောက်ကုန်များရောင်းချသည့်လုပ်ငန်းများ၊ စားသောက်ကုန်များထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၊ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများ၊ စက်သုံးဆီဆိုင်များ၊ လျှပ်စစ်ဓါတ်အားပေးရေးလုပ်ငန်းများ ၊ ဘဏ်များ အစရှိသည့်လုပ်ငန်းများမှာ ဖွင့်လှစ်ရန်လိုအပ်မည်ဖြစ်သော်လည်း အဆိုပါလုပ်ငန်းများမှလွဲ၍ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ Inn များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အဝတ်အထည်ဆိုင်များ အစရှိသည့်ကျန်လုပ်ငန်းများအားလုံး ဧပြီ ၇ ရက် (၂၄:၀၀)နာရီ မှ ဧပြီ ၂၂ ရက် (၂၄:၀၀)နာရီအထိ ခေတ္တယာယီ ပိတ်သိမ်းထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ထို့သို့ ပိတ်သိမ်းခြင်းမပြုပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း တားမြစ်မိန့်တွင် ဆက်လက်ဖော်ပြထားသည်။ကယားပြည်နယ်အတွင်းသို့ ကုန်စည်စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်များနှင့် သာမန်အိမ်စီးကားများမှအပ ကျန်ရှိသောခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများအားလုံး၊ ဘုရားဖူးယာဉ်များအားလုံး၊ အပန်းဖြေခရီးသွားယာဉ်များအားလုံး၊ အလည်အပတ်သွားရောက်သည့် ယာဉ်များအားလုံးနှင့် အိမ်စီးကားများအနက် ယာဉ်မောင်းအပါအဝင်(၇)ဦးထက်ပိုသော မော်တော်ယာဉ် များအားလုံး ကယားပြည်နယ်အတွင်းသို့ ဝင်ထွက်သွားလာခွင့်အား ဧပြီ ၇ ရက် (၂၄:၀၀)နာရီ မှ ဧပြီ ၂၂ ရက် (၂၄:၀၀)နာရီအထိ ခေတ္တယာယီပိတ်သိမ်းထားရန်ဖြစ်ကြောင်းလည်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ (Xinhua)