Connect with us

News

ပြီးခဲ့သည့်နှစ် စက်တင်ဘာမှစ၍ ကိုရိုနာဗိုင်းရပ်စ်သည် အီတလီတွင် ပျံ့နှံ့နေခြင်း ဖြစ်နိုင်ကြောင်း သုတေသီများ ဆို

အီတလီနိုင်ငံ ရောမမြို့ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုစင်တာတွင် ဆေးဝန်ထမ်းတစ်ဦး အလုပ်လုပ်ကိုင်နေသည်ကို အောက်တိုဘာ ၂၆ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

၂၀၁၉ ခုနှစ် စက်တင်ဘာမှစ၍ ကိုရိုနာဗိုင်းရပ်စ်သည် အီတလီနိုင်ငံတွင် ပျံ့နှံ့နေခြင်းဖြစ်နိုင်ကြောင်း၊ ၎င်းမှာ အီတလီ၌ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာ တွေ့ရှိသည့် ယခုနှစ် ဖေဖော်ဝါရီထက် အချိန်ပို၍စောနေကြောင်း အီတလီ သုတေသနလေ့လာမှုတစ်ရပ်က ဖော်ပြခဲ့သည်။

မီလန်မြို့ အမျိုးသား ကင်ဆာရောဂါဌာန(INT)နှင့် University of Siena(UNISI)စသည့် ဌာနများ၏သုတေသနပြုလေ့လာတွေ့ရှိချက်များအရ အထက်ပါအတိုင်း ကောက်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းဌာန၏ နိုဝင်ဘာ ၁၅ ရက် သတင်းတွင် ဖော်ပြခဲ့သည်။
 
“အီတလီမှာ ကပ်ရောဂါကာလမတိုင်မီ ကိုရိုနာဗိုင်းရပ်စ် ခုခံအား ပဋိပစ္စည်း ရှိနေတာကို မမျှော်လင့်ဘဲတွေ့ရှိရ (Unexpected detection of SARS-CoV-2 antibodies in the prepandemic period in Italy)” ဟူသော သုတေသနအစီရင်ခံစာတစ်စောင်ကို နိုဝင်ဘာ ၁၁ ရက်က မီလန်မြို့ အမျိုးသားကင်ဆာရောဂါဆိုင်ရာ သုတေသနဌာနမှထုတ်ဝေသည့် Tumori Journalတွင် ဖော်ပြခဲ့သည်။

၂၀၁၉ ခုနှစ် စက်တင်ဘာ မှ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း အဆုတ်ကင်ဆာရောဂါ ဆေးစစ်မှုခံယူခဲ့သော ကျန်းမာရေးကောင်းမွန်သည့် စေတနာ့ဝန်ထမ်း (၉၅၉) ဦးအနက် (၁၁၁)ဦး၏ ခန္ဓာကိုယ်တွင် SARS-CoV-2 RBD-specific antibodies ရှိနေသည်ကို သုတေသီများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် ၁၄ ရာခိုင်နှုန်းသည် ပြီးခဲ့သည်နှစ် စက်တင်ဘာတွင်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကျော်သည် ယခုနှစ် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ဖြစ်ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ခုခံအား ပဋိပစ္စည်းရှိသူ အများစုမှာ အီတလီနိုင်ငံ Lombardy ဒေသ စေတနာ့ဝန်ထမ်းများဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၅၃.၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အီတလီ၏ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာသည် Lombardyဒေသ မြောက်ပိုင်း မြို့လေးမှဖြစ်ကြောင်းလည်း ဆောင်းပါးတွင်ဖော်ပြထားသည်။

အီတလီနိုင်ငံ ရောမမြို့ရှိ ဆေးရုံတစ်ရုံတွင် ဆေးဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ပြင်းထန်လူနာတင် အရေးပေါ်ယာဉ် ဝင်ပေါက်မှတစ်ဆင့် ထွက်လာသည်ကို နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

University of Siena(UNISI)က အဆိုပါသုတေသနပြုမှုတွင် စေတနာ့ဝန်ထမ်းများ၏ ကိုရိုနာဗိုင်းရပ်စ် ခုခံအား ပဋိပစ္စည်းဖြစ်ပေါ်မှုကို ထပ်မံတစ်ဆင့်တိုး သုတေသနပြုလေ့လာခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ပထမအပတ်တွင် ရယူထားသည့် ဓါတ်ခွဲသွေးနမူနာများအနက် ၄ ခု၏ SARS-CoV-2 RBD-specific antibodiesသည် positive ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။၎င်းတို့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာမှစ၍ ကူးစက်ခံခြင်းဖြစ်နိုင်သည်ကို ဤတွေ့ရှိချက်မှတစ်ဆင့် သိရှိနိုင်ကြောင်း သုတေသန အစီရင်ခံစာ ရေးသားသူတစ်ဦးဖြစ်သည့် မီလန်မြို့ ကင်ဆာရောဂါဆိုင်ရာ သုတေသနဌာနမှ Giovanni Apolone က ဆိုသည်။

လက္ခဏာမပြကူးစက်သူ၏ သွေးရည်ကြည် ခုခံအား ပဋိပစ္စည်း စစ်ဆေးမှုသည် positive ဖြစ်ရုံသာမက ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်ပိုးကို သတ်နိုင်သည့် ပဋိပစ္စည်းရှိနေသည်ကို သုတေသနတွင် အဓိက တွေ့ရှိရကြောင်း Giovanni Apoloneက ပြောကြားခဲ့သည်။

“ဒါက ဘာကိုဆိုလိုလဲဆိုတော့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ဟာ လူတွေကြားမှာ သေဆုံးနိုင်မှုနှုန်းနည်းစွာနဲ့ အချိန်အကြာကြီး ပျံ့နှံ့နေခဲ့တာကို ဖော်ပြတယ်”ဟု ၎င်းက ဆိုသည်။၂၀၁၉ ခုနှစ် နောက်ဆုံးသုံးလပတ်တွင် Lombardy ဒေသ၏ ပြင်းထန်အဆုတ်ရောင်ရောဂါနှင့်ဖျားနာသူဦးရေသည် ပြီးခဲ့သည့်နှစ်က များပြားနေသည်ကို တွေ့ရှိရကြောင်း ယခုနှစ် မတ်လတွင် အီတလီ သုတေသီများမှရရှိသော သတင်းများအရ ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။ သုတေသီများက ထိုအကြောင်းအရင်းများကြောင့် ကိုရိုနာဗိုင်းရပ်စ် အီတလီတွင် ပြန့်ပွားမှုသည် ပထမဆုံး အတည်ပြုလူနာ တွေ့ရှိသည့် အချိန်ထက် စောနိုင်ကြောင်း သံသယရှိခဲ့ခြင်း ဖြစ်သည်။အီတလီကျန်းမာရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၅ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ အီတလီတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၁.၁၇၈) သန်း၊ စုစုပေါင်း သေဆုံးသူ (၄၅,၀၀၀)ဦး ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.