Connect with us

News

အီဂျစ်တွင် အသည်းရောင် အသားဝါ စီပိုး ကုသမှု မြှင့်တင်ရေး အစီအစဉ်တွင် မက်ဆီ ပါဝင်

Tour n’ Cure အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်း လှုပ်ရှားမှုပွဲသို့ ဘောလုံး ကြယ်ပွင့် လီယွန်နယ် မက်ဆီ တက်ရောက်မည်ဟု ကြော်ငြာထားသည့် ဆိုင်းဘုတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုင်ရို၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဘာစီလိုနာနှင့် အာဂျင်တီးနား ဘောလုံး ကြယ်ပွင့် လီယွန်နယ် မက်ဆီ (Lionel Messi) သည် အီဂျစ်နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ခရီးသွားလုပ်ငန်း လှုပ်ရှားမှု၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပြုလုပ်သော အသည်းရောင် အသားဝါ စီပိုး (Hepatitis C) ကုသမှု မြှင့်တင်ရေး အစီအစဉ်၌ ပါဝင် တက်ရောက်ခဲ့သည်။

မက်ဆီသည် “စီပိုး ကင်းစင်သော ကမ္ဘာအတွက်” ဟူသော ဆောင်ပုဒ်အောက်တွင် ပြုလုပ်သော Tour n’ Cure အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်း လှုပ်ရှားမှု မြှင့်တင်ရေးအတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ ရောက်ရှိခဲ့သည်။

ယင်း အစီအစဉ်၌ မက်ဆီ၏ ရုပ်ပုံအား ဗီဒီယို ရိုက်ကူးမှုတွင် နှစ်ကြိမ် ရိုက်ပြခဲ့သော်လည်း Great Pyramids အနီးရှိ Mena House ဟိုတယ်တွင် ပြုလုပ်သော ဖွင့်ပွဲအခမ်းအနား၌ မက်ဆီက စကား ပြောကြားခဲ့ခြင်း မရှိပေ။

“ယခုလို နိုင်ငံတကာ အသိအမှတ်ပြု ပုဂ္ဂိုလ်တွေ လာရောက်လည်ပတ်တဲ့အတွက် အီဂျစ်နိုင်ငံရဲ့ ခရီးသွားကဏ္ဍ အထင်အရှား ဖြစ်လာစေမှာ မုချပါပဲ” ဟု အီဂျစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

Tour n’ Cure လှုပ်ရှားမှုသည် အီဂျစ်နိုင်ငံအတွင်း လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအတွက် ခရီးသွားလုပ်ငန်းနှင့် အသည်းရောင် အသားဝါ စီပိုး ကုသမှုတို့အား ပေါင်းစပ်ထားသည့် ဝန်ဆောင်မှု အစီအစဉ် တစ်ခု ဖြစ်သည်။

အီဂျစ်နိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ကိုင်ရိုမြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ အသည်းရောင် အသားဝါ စီပိုးနေ့၌ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့်အတူ အသည်းရောင် အသားဝါ စီပိုး တိုက်ဖျက်ရေးတွင် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ အီဂျစ်နိုင်ငံတွင် ဆေးကုသမှုနှင့် ဆက်စပ်သည့် ကုန်ကျစရိတ်သည် အခြား ဖွံ့ဖြိုးပြီး နိုင်ငံများထက် နည်းပါးသည်ဟု ဆိုသည်။

တရားဝင် စာရင်းများအရ အီဂျစ်နိုင်ငံတွင် အသည်းရောင် အသားဝါ စီပိုးရှိသူ လူဦးရေ ၉ သန်းမှ ၁၅ သန်းအကြား ရှိကြောင်း သိရသည်။

အသည်းရောင် အသားဝါ စီပိုးသည် သွေးအတွင်း ရှင်သန်ပေါက်ဖွားနိုင်သည့် ဗိုင်းရပ်စ် တစ်မျိုး ဖြစ်ပြီး အသည်းဆဲလ်များကို အဓိက တိုက်ခိုက်သဖြင့် အသည်း ရောင်ရမ်းခြင်းနှင့် ပျက်စီးခြင်းများ ဖြစ်စေသည်။ အဆိုပါ အသည်းရောင် ရောဂါများကြောင့် နှစ်စဉ် ခန့်မှန်းခြေ လူဦးရေ ၁.၄၅ သန်း သေဆုံးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.