Connect with us

Local

မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေကို ၂၀၁၇ ဧပြီ (၁) ရက်နေ့တွင် စတင်ကျင့်သုံးနိုင်မည်


နေပြည်တော်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

၂၀၁၆ အောက်တိုဘာ ၁၈ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအတွက် နည်းဥပဒေ ရေးဆွဲခြင်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ် ဧပြီလ (၁)ရက် နေ့တွင် စတင် ကျင့်သုံးနိုင်မည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး၊ အမျိုးသား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

“ကျွန်တော်တို့ရဲ့ လျာထားချက်အရတော့ ၂၀၁၇ ဇန်နဝါရီ လကုန်ပိုင်းမှာ လုပ်ငန်းစဉ်တွေ အားလုံး ပြီးစီးအောင် ဆောင်ရွက်သွားပါမယ်။ အဲဒါတွေ ပြီးရင် လိုအပ်တဲ့ အမိန့် ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ ထပ်ပြီး ထုတ်ပြန်ဖို့ရှိပါလိမ့်မယ်၊ အဲဒီ ထုတ်ပြန်မှုတွေ အားလုံးက ၂၀၁၇ ခုနှစ် မတ်လမကုန်မီ အပြီး ဆောင်ရွက်ပါမယ်၊၂၀၁၇ ဧပြီလ (၁) ရက်နေ့က စပြီးတော့ ဥပဒေ အသစ်တွေ လုပ်ထုံး လုပ်နည်း အသစ်တွေနဲ့စတင်ဆောင်ရွက်သွားပါမယ်” ဟု နေပြည်တော် Hilton Hotel တွင် ယနေ့နံနက် ၉ း ၃၀ နာရီ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အတွက် နည်းဥပဒေများ ရေးဆွဲရေး ညှိနှိုင်း အလုပ်ရုံ ဆွေးနွေးပွဲ (Consultation Workshop for Implementing Regulation of the Myanmar Investment Law) တွင် ၎င်းက မီဒီယာသို့ ပြောခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအတွက် နည်းဥပဒေများ ရေးဆွဲရေး ညှိနှိုင်း အလုပ်ရုံ ဆွေးနွေးပွဲ (Consultation Workshop for Implementing Regulation of the Myanmar Investment Law) ကျင်းပနေစဉ်(ဆင်ဟွာ)

“ရင်းနှီးမြှုပ်နှံမှုတွေဟာ လွယ်လွယ်ကူကူ လုပ်ကိုင်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု မျိုးတွေ ဖြစ်ရမယ်၊ သို့သော်လည်းပဲ ရင်းနှီးမြှုပ်နှံသူတွေက ဥပဒေတွေကို လိုက်နာမှု၊ စည်းမျဉ်း စည်းကမ်းတွေ လိုက်နာမှု၊ ဒီအပိုင်းတွေမှာ ပိုမိုမြှင့်တင်လိုတဲ့ အတွက် ဒီနည်းဥပဒေတွေကို ရေးဆွဲတာ ဖြစ်ပါတယ်” ဟုလည်း ဦးအောင်နိုင်ဦးက ပြောခဲ့သည်။

အခန်း ၂၃ ခန်းနှင့် ပုဒ်မ ၁၀၁ ခုပါဝင်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အတွက် နည်းဥပဒေများ ရေးဆွဲရေး လုပ်ငန်းစဉ်ကို အောက်တိုဘာ စတုတ္ထပတ်တွင် စတင် ပြင်ဆင်ပြီး နိုဝင်ဘာလတွင် ပထမ မူကြမ်းကို အပြီးသတ်ရေးဆွဲမည် ဖြစ်ကြောင်း၊ ဒီဇင်ဘာ ပထမပတ်တွင် ထို ပထမ မူကြမ်းအပေါ် ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်ကာ ထိုဆွေးနွေးမှုများကို အခြေခံ၍ ဒီဇင်ဘာ ဒုတိယ ပတ်တွင် နည်းဥပဒေ ဒုတိယ မူကြမ်းကို ရေးဆွဲပြီး ထို ဒုတိယ မူကြမ်းနှင့် ပတ်သက်၍ ဝန်ကြီးဌာနများ၏ သဘောထားကို ဒီဇင်ဘာ တတိယပတ်တွင် တောင်းခံမည် ဖြစ်ကြောင်း၊ ဒီဇင်ဘာ စတုတ္ထပတ်တွင် နည်းဥပဒေများ မူကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ပေးပို့ကာ ရှေ့နေချုပ် ရုံး ၏ အကြံဉာဏ်များကို တောင်းခံ သွားမည် ဖြစ်ကြောင်း သိရသည်။

“ပထမ မူကြမ်းဆွဲပြီးရင် ကျွန်တော်တို့ရဲ့ website မှာ တင်မယ်၊ နိုင်ငံပိုင် သတင်းစာတွေမှာ ပြည်သူကို ချပြမယ်၊ လိုအပ်တဲ့ အကြံဉာဏ်တွေ အားလုံးကို ကျွန်တော်တို့ကို ပေးလို့ရမယ်၊ ပြည်သူတွေရဲ့ အကြံပြုချက်တွေအရ လိုအပ်သလို ပြင်ဆင်မှုတွေ ဆောင်ရွက်မယ်၊ ပြီးရင် အစိုးရ ဌာနဆိုင်ရာတွေရော တခြား အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေကို အသေးစိတ် ညှီနှိုင်းဆောင်ရွက်မယ်၊ ပြီးရင် ကက်ဘိနက်ကို တင်မယ်၊ ပြီးရင် လွှတ်တော်က သက်ဆိုင်တဲ့ကော်မတီ အသီးသီးနဲ့ညှိနှိုင်းပြီး ဒါကို ထုတ်ပြန်ပါမယ်” ဟုလည်း ဦးအောင်နိုင်ဦးက ရှင်းပြသည်။

အလုပ်ရုံ ဆွေးနွေးပွဲသို့ World Bank Group မှ ပညာရှင်များ၊ တာဝန်ရှိသူများ၊ အမျိုးသား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန နှင့် ဆက်စပ် ဝန်ကြီး ဌာနများမှ အရာရှိကြီးများ ဖိတ်ကြား ထားသူများ တက်ရောက် ခဲ့ကြပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့် World Bank Group မှ Mr. Charles Schneider တို့က အဖွင့် အမှာ စကားများ ပြောကြားခဲ့ကာ Work Bank Group မှ Consultant များ ဖြစ်ကြသည့် Mr. Sufian Jusoh နှင့် Mr. Chris Hughes တို့က မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အကောင် အထည် ဖော်မှုနှင့် ပတ်သက်၍ တင်ပြ ဆွေးနွေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.