Connect with us

Local

ကျောက်မျက်ရတနာ ပြပွဲမှ ယူရိုငွေ သန်း ၄၀၀ ကျော်ဖိုးရောင်းရ

(၅၅) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် (၅၅) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် တင်ပြခဲ့သည့် ပုလဲ အတွဲပေါင်း ၃၆၀ တွင် နိုင်ငံပိုင် ပုလဲအတွဲ ၂၇၀ တွဲပါဝင်ရာ အဆိုပါ ပုလဲတွဲ ၂၇၀ လုံး ရောင်းထွက်ခဲ့ကြောင်း မြန်မာ့ ကျောက်မျက်ရတနာပြပွဲ စီမံရေးရာ လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ယနေ့ ညနေ သတင်းစာ ရှင်းပွဲ၌ ပြောကြားခဲ့သည်။

“နိုင်ငံပိုင် ပုလဲ အလုံးရေ ၆၅,၈၆၄ လုံး (အတွဲ ၂၇၀)၊ အလေးချိန် မိုမီ ၄၄၁၀ ဒသမ ၈၅၊ ကြမ်းခင်း ဈေးက ယူရို ငွေ ဆယ်သိန်း ရှစ်သောင်း (၁,၀၈၀,၀၀၀)နဲ့ တင်ပြခဲ့တာ ယူရို ၁,၉၂၇,၇၀၃ နဲ့ အတွဲအားလုံး ရောင်းထွက်ခဲ့ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

တင်ပြ ပုလဲတွဲ ၃၆၀ တို့မှာ နိုင်ငံပိုင် မြန်မာ့ ပုလဲ ကုမ္ပဏီမှ အတွဲ ၂၇၀၊ အန်ဒါမန်ပါးလ် ကုမ္ပဏီမှ ၆၃ တွဲ၊ အဏ္ဏဝါပုလဲ ကုမ္ပဏီမှ ၂၇ တွဲတို့ဖြစ်ကြောင်း၊ အန်ဒါမန်ပါးလ်သည်လည်း တင်ပြအတွဲအားလုံး ရောင်းထွက်ခဲ့ပြီး အဏ္ဏဝါပုလဲသည် ရှစ်တွဲ ရောင်းချခဲ့ရသဖြင့် စုစုပေါင်း ရောင်းရ ပုလဲအတွဲ ၃၄၁ တွဲ ရှိခဲ့ကြောင်း၊ ရောင်းရငွေ ယူရို ၂ ဒသမ ၅၉၈ သန်းကျော်ရရှိခဲ့ကြောင်း မြန်မာ့ ပုလဲလုပ်ငန်း၊ ထုတ်လုပ် ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းကော်မတီ လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်မြမြဝင်းက ပြောခဲ့သည်။

ယခုပြပွဲရှိ ကျောက်မျက်နှင့် ကျောက်စိမ်း ရောင်းအားများသည်လည်း ၂၀၁၇ နှစ်လယ်ပွဲထက် တိုးတက် များပြားလာရာ တင်ပြ ကျောက်မျက် ၃၃၆ တွဲမှ ၆၉တွဲအား ယူရိုသန်း ၁ ဒသမ ၃၇ ဖြင့် လည်း ကောင်း၊ ကျောက်စိမ်း ၆,၇၉၅ တွဲမှ ၅,၂၅၉ တွဲကို ယူရိုသန်း ၄၂၃ ဒသမ ၁၁၈ သန်းဖြင့် လည်းကောင်း ရောင်းချခဲ့ရကြောင်း၊ ပုလဲတွဲများ အပါအဝင် ကျောက်မျက်၊ ကျောက်စိမ်း ရတနာများ တင်ပြ အတွဲ စုစုပေါင်း ၇,၄၉၁ တွဲအနက် ၅,၆၆၉ တွဲကို ရောင်းချနိုင်ခဲ့ရာ စုစုပေါင်းရောင်းရငွေ တန်ဖိုးအားဖြင့် ယူရို ၄၂၇ ဒသမ ၀၉၅ သန်း ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ယခု ပြပွဲသို့ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၃,၉၂၄ ခုတို့မှ ရတနာကုန်သည်ပေါင်း ၅,၁၂၈ ဦးတို့ တက်ရောက်ခဲ့ကြရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကုမ္ပဏီ၂,၆၇၈ ခုတို့မှ ရတနာကုန်သည် ၃,၁၇၃ ဦးတို့ပါဝင်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.