Connect with us

Local

နယ်သာလန်နိုင်ငံ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်မှ မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းများတွင် လုပ်ငန်းခွင်အတွင်း အလုပ်ရှင်-အလုပ်သမားဆက်ဆံရေး တိုးတက်ရန်ဆွေးနွး

နယ်သာလန်နိုင်ငံ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်မှ ကျွမ်းကျင်ပညာရှင်များ နှင့်တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-- ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်မှ ကျွမ်းကျင်ပညာရှင်များသည် မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းများတွင် လုပ်ငန်းခွင်အတွင်း အလုပ်ရှင်-အလုပ်သမားဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်စေရန်အလို့ဌာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။

နယ်သာလန်နိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (Netherlands Trade Union Confederation-FNV) သည် နိုင်ငံတကာတွင် အထည်အလိပ်လုပ်ငန်းကဏ္ဍရှိ အလုပ်သမားများ၏ လုပ်ငန်း ခွင်အခြေအနေများ အဆင်ပြေ ချောမွေ့ကောင်းမွန်စေရန် ဆောင်ရွက်လျှက်ရှိသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယင်းတို့၏ အနာဂတ်စီမံကိန်းတွင် အရှေ့တောင်အာရှနိုင်ငံများ၏ စက်မှုလုပ်ငန်းခွင် ဆက်ဆံရေး မြှင့်တင်နိုင် ရေးတွင် လက်တွဲကူညီ ဆောင်ရွက်သွားမည် ဖြစ်သည့် အလျောက် ယခုအခါ ပထမဦးစားပေး နိုင်ငံအဖြစ် မြန်မာနိုင်ငံသို့ စတင်လာရောက်ခြင်းဖြစ်သည်။

လုပ်ငန်းခွင်ဆက်ဆံရေး တိုးမြှင့်ရာတွင် ပုဂ္ဂလိကဏ္ဍ (Private Sector) သည် အရေးကြီးဆုံး အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် အသင်းချုပ်သို့ လာရောက်၍ တွေ့ဆုံမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့မှ ပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ နယ်သာလန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် နှင့် Fair Wear Foundation မှ ကျွမ်းကျင် ပညာရှင်များ တက်ရောက်ခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ် အလုပ်အမှုဆောင် ဦးအောင်မင်း၊ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆွေ၊ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးသက်နိုင်ဦး တို့မှ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)