Connect with us

Local

နိုင်ငံတကာ အကူအညီ အထောက်အပံ့နှင့် ချေးငွေများကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်း များကို ပိုမိုဆောင်ရွက်နိုင်ဟု သမ္မတဆို

နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲမှု ဗဟိုကော်မတီ အစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

နိုင်ငံတကာ အကူအညီ အထောက်အပံ့နှင့် ချေးငွေများသည် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သည့် ဘဏ္ဍာငွေ အရင်းအမြစ်များ အဖြစ် တိုးပွားလာခဲ့သည့် အတွက် နိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်း များကို ပိုမိုဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲမှု ဗဟိုကော်မတီ အစည်းအဝေးတွင် ဒီဇင်ဘာလ ၃ ရက်က ပြောကြားခဲ့သည်။

အဆိုပါ ဖွံ့ြဖိုးမှု အကူအညီများကို ရယူ ဆောင်ရွက်သည့်အခါ နိုင်ငံအတွက် အကျိုးရှိအောင် အသုံးပြုရန်၊ ပွင့်လင်းမြင်သာမှု ရှိရှိဆောင်ရွက်ရန်၊ ထိရောက်သော ဖွံ့ဖြိုးမှု အကူအညီ ဖြစ်ရန်နှင့် ပြည်သူများ လက်တွေ့ ခံစားနိုင်သော ဖွံ့ဖြိုးမှု အသီးအပွင့်များ ဖြစ်စေရန် ရှေးရှုပြီး အစဉ်တစ်စိုက် အာရုံထား ဆောင်ရွက်ခဲ့ကြပြီး ရှေ့ဆက် ဆောင်ရွက် သွားရန်လည်း လိုအပ်ကြောင်း သမ္မတက မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လများ အတွင်း၌ ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် ရေကြီး ရေလျှံဖြစ်မှု၊ မြေပြိုမှု စသည့် သဘာဝ ဘေးအန္တရာယ်များ ကြုံခဲ့သည့် အခါတွင်လည်း အပြည် ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်း များက တတ်နိုင်သည့် ငွေကြေး အကူအညီများ၊ စားနပ်ရိက္ခာ အကူအညီများအပြင် နည်းပညာဆိုင်ရာ အကူအညီများကို ပံ့ပိုး ပေးခဲ့ကြကြောင်း သမ္မတက ဆိုသည်။

ပြည်သူလူထု အခြေပြု ဖွံ့ဖြိုး တိုးတက်မှု ရရှိအောင် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု မူဘောင် (Framework on Economic and Social Reform-FESR) ကို ရေးဆွဲခဲ့ကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး နှင့် လူမှုရေးပြုပြင် ပြောင်းလဲမှု၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲမှု၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ပြုပြင်ပြောင်းလဲမှု များကို အစီအစဉ်တကျ ဆောင်ရွက်ခဲ့ပြီး နိုင်ငံအတွက် အဓိက လိုအပ်သည့် ဒီမိုကရေစီ အခြေခံ အုတ်မြစ် ကောင်းများကို ချမှတ် ပေးနိုင်ခဲ့ကြောင်း သမ္မတ ဦးသိန်းစိန်က ဆိုသည်။

နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲမှု ဗဟိုကော်မတီ အစည်းအဝေးကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယ ဝန်ကြီးများ၊ ဒုတိယ စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ (Xinhua)