Connect with us

Local

မြန်မာနိုင်ငံက ပြည်ပအကူအညီ အမေရိကန် ဒေါ်လာ သန်း ၃,၆၀၀ ကျော် ရရှိထား ဟုဆို

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ပြည်ပ အကူအညီ တန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာ ၃,၆၁၄ သန်းကျော် လက်ခံ ရရှိထားဟု နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲမှု ဗဟိုကော်မတီ အစည်းအဝေးတွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က ပြောကြားသည်။

၎င်းတို့အနက် ရရှိပြီးတန်ဖိုး ပစ္စည်းနှင့် နည်းပညာ တန်ဖိုးများ အပါအဝင် အမေရိကန် ဒေါ်လာ ၂,၃၃၄ သန်း ကျော် ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲမှု ဗဟိုကော်မတီ အစည်းအဝေးတွင် ၂၀၁၁ ဧပြီလမှ ၂၀၁၅ နိုဝင်ဘာ လကုန်အထိ ရယူ ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတကာ အကူအညီများနှင့် ဆောင်ရွက်သည့် လုပ်ငန်း စီမံချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

မိတ်ဖက်နိုင်ငံ ၂၃ နိုင်ငံ အပါအဝင် ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ စသည့် နိုင်ငံတကာ အဖွဲ့အစည်း ၁၇၆ ခုက စီမံချက်ပေါင်း ၉၄၈ ခုအတွက် အကူအညီများ ပေးအပ်ခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

လက်ရှိ အစိုးရက ဆောင်ရွက်ပြီး စီမံချက်ပေါင်း ၅၂၀ ခု၊ တန်ဖိုး ဒေါ်လာ ၁,၃၅၅ သန်းကျော် ရှိပြီး ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်ပေါင်း ၄၂၈ ခု၊ စီမံချက် တန်ဖိုးက ဒေါ်လာသန်းပေါင်း ၂,၂၅၉ သန်းကျော် ရှိကြောင်း ၎င်းက ပြောသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြည်တွင်း/ပြည်ပ ကြွေးမြီ စီမံခန့်ခွဲမှုကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် ငွေတိုက် ဦးစီးဌာနကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ငွေတိုက် ဦးစီးဌာနအောက်တွင် ကြွေးမြီ စီမံခန့်ခွဲမှု ဌာနခွဲအား ဖွဲ့စည်းထားရှိပြီး နိုင်ငံတကာ အဆင့်မီ ကြွေးမြီစီမံ ခန့်ခွဲမှု ဆောင်ရွက်နိုင်ရန် အာရှ ဖွံ့ဖြိုးရေး ဘဏ်၏ အကူအညီဖြင့် ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်း ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် အစည်းအဝေး ခန်းမ၌ နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲမှု ဗဟိုကော်မတီ အစည်းအဝေးကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတများ ဖြစ်ကြသော ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယဝန်ကြီးများ၊ ဒုတိယ စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.