Connect with us

Local

ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅,၀၀၀ နီးပါး ဖန်တီးပေးနိုင်မည့် လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးတွင် ခွင့်ပြု

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာနေသော ဆောက်လုပ်ရေး အလုပ်သမား တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)

ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၉၁၅ နေရာကို ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)ထံမှ သိရသည်။ 

ယင်းအစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၄) ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ အိမ်ရာ အဆောက်အဦကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍတို့မှ လုပ်ငန်းအသစ် (၇) ခုကို ခွင့်ပြုခဲ့ကြောင်း ၊ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၃၄၇ ဒသမ ၈၅ သန်းနှင့် ငွေကျပ် ၂၃,၄၁၁ ဒသမ ၂၅၅ သန်းရှိကြောင်း သိရသည်။ 

၂၀၂၀ ပြည့်နှစ် ဩဂုတ်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း ၊ နိုင်ငံ/ဒေသပေါင်း (၅၁) ခုမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ် ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၃၂ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၂၃ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၃၁ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်တွင် Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)