Connect with us

Local

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ စတုတ္တအကြိမ်ညီလာခံတွင် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အမှာစကားပြောကြား 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ် (ဓာတ်ပုံ--ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ စတုတ္တအကြိမ်ညီလာခံကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ Fortune Plaza ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြညက အမှာစကား ပြောကြားရာတွင် “လူငယ်တွေရဲ့ စွမ်းဆောင်ရည်များအပေါ် အပြည့်အဝ ယုံကြည်ပါကြောင်း၊ နိုင်ငံကို အေးချမ်းသာယာအောင် ကြိုးပမ်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အတူတကွ ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်ကြောင်း’’ ထည့်သွင်းပြောကြားခဲ့သည်။

လူငယ်တွေမှာ လူကြီးတွေထက် ပိုမိုဆန်းသစ်တဲ့ အတွေးအခေါ်တွေ၊ တီထွင်ဖန်တီးမှု တွေ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေရှိပါကြောင်း၊အဘက်ဘက်က စွမ်းရည်ပြည့်ဝတဲ့ လူငယ် မျိုးဆက်သစ်တွေ ပေါ်ပေါက်လာဖို့ ဖန်တီး ပေးနိုင်မယ့် စီးပွားရေးမူဝါဒကို ချမှတ်ခဲ့ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် နောင်အနာဂတ်ခေါင်းဆောင်များ ဖြစ်လာမယ့် လူငယ် မျိုးဆက်သစ်တွေကြုံတွေ့ရမယ့်စိန်ခေါ်မှု တွေကိုကျော်လွှားနိုင်ဖို့အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒနှင့် မဟာဗျူဟာစီမံကိန်းတွေမှာ ထည့်သွင်းနိုင်ဖို့၊ နိုင်ငံတကာ နဲ့ချိတ်ဆက်ဆောင်ရွက်ပြီး ရင်ပေါင်တန်းနိုင်တဲ့ လူငယ်တွေ ပေါ်ထွက်လာစေဖို့ စတဲ့ အချက်တွေကို ထည့်သွင်း၍ လူငယ်ရေးရာ မူဝါဒကို ရေးဆွဲခဲ့ပါကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ စတုတ္တအကြိမ်ညီလာခံကျင်းပစဉ် (ဆင်ဟွာ) 

ဒေါ်အောင်ဆန်းစုကြည်က “ အစိုးရက အားပေးရမယ့် အပိုင်းတွေမှာလဲ မူဝါဒပိုင်း၊ လက်တွေ့ အကောင်အထည် ဖော်ရမယ့် အပိုင်းအားလုံးမှာ ရှုထောင့်စုံက ကူညီပံ့ပိုးပေးနေပါကြောင်း၊ တစ်ဖက်မှာ လည်း စီးပွားရေးလုပ်ငန်းတစ်ခုလုံး လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ဆောင်ရွက် နိုင်ရေး ကြိုးပမ်းနေပါတယ်။  မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၀ ခုနှစ်အတွက် စီးပွားရေး လုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့မှု အရှိဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက အတိုးတက် ဆုံးနိုင်ငံ ၂၀ စာရင်းမှာ ပါဝင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းတစ်ခု စတင် လုပ်ကိုင်ရန် လွယ်ကူစေတဲ့ အဆင့်မှာ ကျွန်မတို့စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်က အဆင့် ၁၆၀ ရှိခဲ့ရာ ကနေ လက်ရှိမှာ အဆင့် ၇၀ အထိ သိသိသာသာ မြင့်တက်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေး စတင် လုပ်ကိုင်ရာမှာ အလွယ် ကူဆုံး အဆင့် စတုတ္ထအဆင့်မှာ ရှိနေပါတယ်’’ ဟုပြောကြားခဲ့သည်။ 

ယခုအစိုးရ လက်ထက်တွင် နိုင်ငံတော်ကချမှတ်ထားသည့်  စီးပွားရေးမူဝါဒနဲ့သာမက ကုလသမဂ္ဂက ချမှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေနဲ့ ကိုက်ညီသော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan- MSDP) ကိုလည်း ရေးဆွဲချမှတ်ခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ စတုတ္တအကြိမ်ညီလာခံကျင်းပစဉ် (ဆင်ဟွာ) 

“ဒီနေ့ကျင်းပတဲ့ အခမ်းအနားဦးတည်ချက်ဖြစ်တဲ့ “စွန့်ဦးတီထွင်မှု ၄.၀- ၂၁ ရာစုနှင့် လိုက်လျောညီထွေမှုရှိအောင်စီးပွားရေးလုပ်ငန်း များကိုပြင်ဆင်ခြင်း (Entrepreneurship 4.0 – Adapting Businesses for the 21st Century)” ၂၁ ရာစုအတွက် လူငယ်မျိုးဆက်သစ် အပါအဝင် စီးပွာရေးနယ်ပယ် တစ်ခုလုံး အတွက် စိန်ခေါ်မှုတွေကို ကြိုတင်မျှော်မှန်း ပြင်ဆင်တဲ့ ရည်ရွယ်ချက်အဖြစ် တွေ့ရမှာ ဖြစ်ကြောင်း’’ ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။ 

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ ခေါင်ဆောင်များ ထိပ်သီး အစည်းအဝေး နှင့် အာဆီယံ စီးပွားရေး-ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံမှ အာဆီယံ စီးပွားရေးထူးချွန်ဆု ၂၀၁၉ (ASEAN Business Award 2019) အတွက် ဒစ်ဂျစ်တယ်စနစ်ဆောင်ရွက်တဲ့ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း ထူးချွန်ဆု (Digitalized MSME Award-Winner) နဲ့ လုပ်ငန်း စတင် ထူထောင်မှုနဲ့ တီထွင်ဆန်းသစ် လုပ်ငန်းထူးချွန်ဆု (Startup & Innovation Driven Entrepreneur Winner) ကို ရယူပေးနိုင်ခဲ့ပါကြောင်း သိရသည်။

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ စတုတ္တအကြိမ်ညီလာခံကျင်းပစဉ် (ဆင်ဟွာ) 

လူငယ်လုပ်ငန်းရှင်တွေရဲ့ စွမ်းဆောင်ရည်နဲ့ အနာဂတ်ကိုအပြည့်အဝယုံကြည်တဲ့အတွက် နိုင်ငံရေး သန္နိဋ္ဌာန်အခိုင်အမာ ချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ အနာဂတ်မှာ ကြုံတွေရမဲ့ စက်မှု 4.0 (Industrial 4.0) အတွက် ကြိုတင် ပြင်ဆင်စရာ ရှိတာတွေကိုလည်း အာဆီယံနိုင်ငံတွေနဲ့အတူ မူဝါဒ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး၊ ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ နိုင်ငံ၏ လူမှု၊ စီးပွားတစ်ခုလုံးကို တိုးတက်စေရန် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan) ကိုလည်း ရေးဆွဲ ချမှတ် အကောင်အထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ စတင် ထူထောင်လုပ်ကိုင်တဲ့ အဆင့်ကနေ စီးပွားရေး ဝန်းကျင် တစ်ခုလုံး လုပ်သာကိုင်သာရှိတဲ့ လွယ်ကူ ချောမွေ့စေမဲ့ အစီအမံ များကိုလည်း စနစ်တကျ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ထို့ကြောင့် လူငယ်လုပ်ငန်းရှင်များ အနေနှင့် နိုင်ငံ တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များတွင် တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် အနာဂတ်မှာကြုံတွေ့ရမဲ့ စိန်ခေါ်မှုတွေကို အခွင့်အလမ်း အဖြစ် အသုံးချပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက် အစိုးရနဲ့အတူ လက်တွဲ ဆောင်ရွက် နိုင်တဲ့ အင်အား တစ်ရပ်အဖြစ် ကြိုးပမ်းလုပ်ဆောင် ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံလူငယ်စွန့်ဉီးတီထွင်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌနှင့် အနယ်နယ်အရပ်ရပ်မှ လူငယ်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.