Connect with us

Local

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု နှင့် ကုန်သွယ်မှု အခန်းကဏ္ဍ မြှင့်တင်ရေး ဘက်စုံ လေ့လာဆန်းစစ်မှု အစီရင်ခံစာ ထုတ်ပြန်

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ဘက်စုံလေ့လာ ဆန်းစစ်ခြင်း အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေ မိန့်ခွန်း ပြောကြားစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အားနည်း/အားသာချက်များကို သုံးသပ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်မှု အခန်းကဏ္ဍ မြှင့်တင်ရေး အတွက် မူဝါဒ ပိုင်းဆိုင်ရာ အကြံပြုနိုင်ရေး အတွက် ကုန်သွယ်မှု ဆိုင်ရာ ဘက်စုံ လေ့လာဆန်းစစ်မှု အစီအရင်ခံစာအား ယနေ့ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှင့် ကုန်သွယ်မှုအခြေအနေမှာ တိုက်ရိုက် ဆက်စပ်နေကြောင်း၊ ယခုအစီရင်ခံစာသည် အစိုးရအတွက် များစွာ အထောက် အကူဖြစ်စေနိုင်မည့် အစီရင်ခံစာ ဖြစ်၍ အစီရင်ခံစာပါ အားနည်းချက်များကို ပြင်ဆင်ပြီး အကြံပြုချက်များ၊ လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ လိုအပ်ချက်များ လုပ်ငန်းစဉ်များကို အစိုးရပိုင်းက အလေးထားပြီး စဉ်းစားသုံးသပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းနိုင်ရန် အဘက်ဘက်က တိုးမြှင့် ဆောင်ရွက် နေကြောင်း၊ ကုန်စည် စီးဆင်းမှုနှင့်အတူ အရင်းအနှီးစီးဆင်းမှု၊ အလုပ် အကိုင် အခွင့်အလမ်းများ စီးဝင်လာမှု၊ ပို့ကုန်ကဏ္ဍ မြင့်တက်လာမှုနှင့် စီးပွားရေး တိုးတက်မှု ကွင်းဆက်များ တစ်ခုပြီးတစ်ခု ဖြစ်ထွန်း ပေါ်ပေါက်လာရန် အလေးထား ဆောင်ရွက်နေကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ က ယနေ့နေပြည်တော်၌ စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် World Bank Group တို့ ပူးပေါင်းကျင်းပသည့် မြန်မာ နိုင်ငံ၏ ကုန်သွယ်မှု ဘက်စုံလေ့လာ ဆန်းစစ်ခြင်း အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ၏ ကုန်သွယ်မှု ဘက်စုံလေ့လာ ဆန်းစစ်ခြင်း အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)

မြန်မာနိုင်ငံသည် တစ်ကမ္ဘာ့လုံးနှင့် ပေါင်းစည်းမှု အလျင်အမြန် မြင့်မားလာရန် အရေးကြီးကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှု ကဏ္ဍတွင် ကမ္ဘာကြီးနှင့် မြန်မြန်ဆန်ဆန် ပေါင်းစည်းနိုင်ရန် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု တန်ဖိုးနှင့် ကုန်သွယ်မှု အချိုးမှာ သုံးဆယ် ရာခိုင်နှုန်းခန့် အထိ ရှိနေကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အချက်အချာ ကျမှုကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်ရန် ကုန်သွယ်မှု ကဏ္ဍ မြင့်မားလာရေးမှာ အထူးပင် အရေးကြီးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ကုန်ထုတ်လုပ်မှု တိုးတက်ရန် အခြေခံ အဆောက်အဦများ အဆင့်မြှင့်တင်ရန် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ၊ လူ့အရင်းအမြစ်များ၊ အရည်အသွေး စစ်ဆေးရေး နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍများတွင် စွမ်းဆောင်ရည်များ မြှင့်တင်ရန် ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းမြင့်က ပြောကြားခဲ့သည်။
ယခုအစီရင်ခံစာကို ကုန်သွယ်မှုနှင့် ဆက်စပ်နေသော ဝန်ကြီးဌာနများ၊ ပုဂ္ဂလိက ကဏ္ဍမှ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ကမ္ဘာ့ ဘဏ်မှ ပညာရှင်များက အပြီးသတ် ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.