Connect with us

Local

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း သုံးထောင်ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း ရှစ်ခု ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၅/၂၀၁၉) ကြိမ် မြောက် အစည်းအဝေးအား တွေ့ ရစဉ် (ဓာတ်ပုံ - DICA)

ရန်ကုန် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ)

ပြည်တွင်း လုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃,၁၅၉ နေရာ ဖန်တီးပေးနိုင်မည့် လုပ်ငန်း ရှစ်ခုကို စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၅/၂၀၁၉) ကြိမ် မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်မှု အရ သိရသည်။

ခွင့်ပြုပေးခဲ့သော လုပ်ငန်းရှစ်ခုမှာ မွေးမြူရေးနှင့် ရေလုပ်ငန်း ၊ ကုန်ထုတ်လုပ်မှု ၊ ဟိုတယ် ၊ အိမ်ရာ အဆောက် အဦ တည်ဆောက် ဖွံ့ဖြိုးမှု ၊ ရေနံ နှင့် သဘာဝ ဓါတ်ငွေ့နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ကဏ္ဍ တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၃၆ ဒသမ ၇၄၅ သန်း နှင့် ကျပ် ၁၆၃,၃၀၂ ဒသမ ၇၅၃ သန်း ရှိကြောင်း သိရသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဩဂုတ်လကုန်အထိ နိုင်ငံပေါင်း ၅၀ နိုင်ငံတို့မှ စီးပွားရေး ကဏ္ဍ ၁၂ ခု တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁,၈၀၆ ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၁,၅၉၇ ဒသမ ၇၄၃ ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံပေါင်း ၅၀ နိုင်ငံံမှ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားရှိမှုမှာ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း ၊ လျှပ်စစ် ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၅ ဒသမ ၉၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။(Xinhua)