Connect with us

Local

ရွှေတစ်ကျပ်သားကျပ် ၁,၃၀၈,၀၀၀ ၊ အမေရိကန်တစ်ဒေါ်လာ ကို ၁၅၅၀ ကျပ်အထိ စံချိန်တင်မြင့်တက်

ရွှေဈေးကွက် အတွင်းမှ ရွှေများအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးနိုင်ငံခြားငွေလဲလှယ်မှု နှင့် ရွှေဈေးကွက်တွင် စက်တင်ဘာ ၅ ရက်တွင် ၊ အမေရိကန်တစ်ဒေါ်လာ ကို ၁၅၅၀ ကျပ်၊ ရွှေတစ်ကျပ်သားကျပ် ၁,၃၀၈,၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။

မြန်မာ့ရွှေဈေး သည် စက်တင်ဘာ ၄ ရက် တွင် တစ်ကျပ်သားကို ၁,၂၀၈,၀၀၀ ရှိပြီး စက်တင်ဘာ ၅ရက်တွင် ကျပ်၁,၃၀၈,၀၀၀ ဖြစ်ခဲ့ကာ၁ ရက်အတွင်း ၂၈,၀၀၀ ဈေးခုန်တက်ခဲ့ခြင်းဖြစ်သည်။

ပန်းပဲတန်းမြို့နယ် ရှိကောင်းစံရွှေဆိုင်ရှင် ဦးမျိုးကျော်ကျော်က “အခုဈေးတွေ ကတော့ တစ်ခါမှ မဖြစ်ဘူးတဲ့ စံချိန်တင်တဲ့ ဈေးတွေပဲ။ အဓိကကတော့ ပြည်တွင်းဒေါ်လာဈေးကွက် က အရမ်းတက်သွားလို့ ။ ဖြစ်တောင့်ဖြစ်ခဲ တစ်ဟုန်ထိုးတက်တာ။’’ ဟု ဆင်ဟွာကိုပြောသည်။

မြန်မာ့ရွှေဈေးသည် ဇွန်လ ၂၄ ရက် တွင် တစ်ကျပ်သားကျပ် ၁,၁၀၈,၀၀၀ ရှိပြီး၊ ကမ္ဘာ့ရွှေဈေးက တစ်အောင်စ ကို ၁၄၀၄ ဒေါ်လာ ရှိခဲ့သည်။

၂လ ကျော်လောက်အတွင်း ကျပ် ၂သိန်း ဈေးတက်ခဲ့ခြင်းသည် ဖြစ်တောင့်ဖြစ်ခဲဖြစ်ကြောင်း ဦးမျိုးကျော်ကျော်ကဆိုသည်။

ပန်းပဲတန်းမြို့နယ် ရှိ တိတ်စိန်ရွှေဆိုင်ရှင် ဦးဇော်အောင်က “ပြည်တွင်း ဒေါ်လာဈေးတက်တာ နဲ့၊ ဘဏ်တွေကို ကောလဟာလ ကြောင့် ရွှေဈေးက ဆက်တက်သွားတာပါ။ ဝယ်သူက လိုက်ဝယ်ကြတာများတယ်။ တစ်ချို့လည်းပြန်ရောင်းတာတွေရှိတယ်။ အခုလက်ရှိမှာ မြန်မာ့ရွှေဈေးက အတက်အရမ်းကြမ်းတယ်လို့ ပြောလို့ရတယ်။ တစ်ရက်တည်းနဲ့ တစ်ကျပ်သားကို ကျပ်၂၈,၀၀၀ လောက် တက်သွားတာ။ တက်တာအရမ်းအတက်ကြမ်းသွားတယ်’’ ဟု ဆင်ဟွာကိုပြောသည်။

ရွှေဈေး နှင့် ဒေါ်လာဈေး တက်ရခြင်း အကြောင်းများတွင် ဘဏ်ကောလာဟာလ ကြောင့်လည်း ပါဝင်ကြောင်း သိရသည်။ ဘဏ်လုပ်ငန်း နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမရှိကြစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ စက်တင်ဘာလ ၂ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်း နှင့် ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်စေရန် နှင့် နိုင်ငံတကာ စံနှုန်းများ နှင့် ကိုက်ညီမှုရှိစေရန် အတွက် ဘဏ်များအပေါ်လိုအပ်သော စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်ရှိဘဏ်လုပ်ငန်းများ နှင့် လုပ်ငန်းရှင်များအကြားညှိနှိုင်းဆွေးနွေးတွေ့ဆုံမှုများ နှင့် ပတ်သက်၍လည်း ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဗဟိုဘဏ် ၏ သဘောသဘာဝအရ ဘဏ်များ ၏ နောက်ဆုံးအားထားရာ (Lender of Last Resort) အဖြစ် ဘဏ်များ ၏ လိုအပ်ချက်များရှိခဲ့လျှင် ပြည့်ဝစွာ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု အနေဖြင့် စိုးရိမ်ပူပန်မှုများ မရှိကြစေရန် အသိပေးအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒေါ်လာဈေး သည် သြဂုတ်လ ၉ ရက် တွင် တစ်ဒေါ်လာ ၁၅၁၄ ကျပ်ရှိပြီး၊ စက်တင်ဘာ ၅ ရက် တွင် ကျပ်၁၅၅၀ အထိဈေးတက်လာခဲ့သည်။

ဒေါ်လာဈေးကွက်ကို စောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “ဘဏ်ကောလဟာလ ထွက်လာတဲ့ အချိန် မှာ ဘဏ်က ပိုက်ဆံကိုထုတ်ပြီး ရွှေတို့ ဒေါ်လာတို့ ဝယ်ကြတယ်။ ဝယ်လိုအားများလာတဲ့ အတွက် မြန်မာနိုင်ငံမှာ ဒေါ်လာဈေးကတက်သွားတာ လို့ထင်တယ်။’’ ဟုဆင်ဟွာကိုပြောသည်။

ဒေါ်လာဈေးသည် ၂၀၁၉ခုနှစ် တွင် တစ်ဒေါ်လာ ကျပ်၁၅၁၀ ကျော်ဖြင့် ဈေးတည်ငြိမ်ခဲ့ပြီး ယခုရက်ပိုင်းတွင် မှ ဈေးတက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုမှ ယနေ့ဒေါ်လာဈေးသည် တစ်ဒေါ်လာ ၁၅၃၅ဒသမ၂ ကျပ် ဖြစ်သည်။ဗဟိုဘဏ် မှထုတ်ပြန်သည့် နှစ်အလိုက်ငွေကြေးဖောင်းပွမှုသည် ၉ဒသမ၅၁ ရာခိုင်နှုန်းရှိသည်။ ဗဟိုဘဏ်အတိုးနှုန်းရာခိုင်နှုန်းမှာ တစ်နှစ်လျှင် ၁၀ရာခိုင်နှုန်း၊ အပ်ငွေအပေါ်အနည်းဆုံးအတိုးနှုန်း တစ်နှစ်လျှင်၈ ရာခိုင်နှုန်း၊ အာမခံဖြင့် ချေးငွေအပေါ်အများဆုံးအတိုးနှုန်း တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်း၊ အာမခံမဲ့ ချေးငွေအပေါ်အများဆုံးအတိုးနှုန်း တစ်နှစ်လျှင် ၁၆ ရာခိုင်နှုန်း ရှိကြောင်းဗဟိုဘဏ်ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.