Connect with us

Local

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ သုံးလအတွင်း အသက်ဝင်မည်ဟု လွှတ်တော် ကိုယ်စားလှယ်တို့ ခန့်မှန်း

ရင်းနှီးမြှုပ်နှံမှုတိုးတက်လာသည်နှင့်အမျှအခြေခံအဆောက်အအုံများပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သည် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် အမျိုးသား လွှတ်တော်သို့ယခင် အပတ်က ပေးပို့ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအား ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးက ပြင်ဆင်ချက်မရှိ သဘောတူ အတည်ပြုခဲ့သဖြင့် လွှတ်တော် နှစ်ရပ် သဘောကွဲလွဲမှု မရှိသောကြောင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရသည့် ဥပဒေအဖြစ်သို့ရောက်ရှိခဲ့ပြီး ထိုဥပဒေသည် သုံးလအတွင်း အသက်ဝင်မည်ဟု လွှတ်တော် ကိုယ်စားလှယ်တို့က ဆင်ဟွာကို ပြောသည်။

“လွှတ်တော် နှစ်ရပ် သဘောတူတဲ့ အတွက် ပြည်ထောင်စု လွှတ်တော်ရဲ့ အစည်းအဝေး Agenda မှာ မပါတော့ဘဲ ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော် သမ္မတဆီ ပို့တဲ့ အဆင့်ကို ရောက်ပါပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒီဥပဒေဟာ ၁၄ ရက် အတွင်းမှာ အတည်ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနက ရက်ပေါင်း ကိုးဆယ်အတွင်းမှာ နည်းဥပဒေတွေ ရေးဆွဲပြီး လွှတ်တော်ကို တင်ပြရပါမယ်။

ဒီဥပဒေနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း အမြန်ဆောင်ရွက်ဖို့ပြောထားတော့ သုံးလအတွင်းမှာ ဒီဥပဒေ အသက်ဝင်ပါလိမ့်မယ်” ဟု မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၃) အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က ဆင်ဟွာကို ပြောသည်။အခန်းပေါင်း ၂၃ ခန်း၊ ပုဒ်မပေါင်း ၁၀၁ ခု ပါဝင်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသက်ဝင် လာပါက နိုင်ငံခြားမှ ရင်းနှီး မြှုပ်နှံမှုများ အတွက် မက်လုံးများ ပိုကောင်းလာပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးလာမည်ဟုလည်း လွှတ်တော် ကိုယ်စားလှယ်တို့က မျှော်မှန်းထားကြသည်။“ဥပဒေသစ်အရ လုပ်ငန်းကြီး တစ်ခုလုံး အတွက် အခွန်ဆောင်စရာ မလိုဘူး၊ သူ တင်ပို့မယ့် ပမာဏအတွက်ပဲ အခွန်ဆောင်ရင် ရပြီ။

ဒါက တကယ့်ကို ကောင်းမွန်တဲ့ အခွင့် အလမ်း တစ်ခုပဲ။ ပိုကောင်းတဲ့ အချက်က လုပ်ငန်း အခုမှ စပြီး ဆောင်ရွက်တဲ့အခါ တည်ဆောက်ဆဲကာလနဲ့ ပြင်ဆင်ရေး ကာလတွေမှာ သွင်းတဲ့ ပစ္စည်းတွေအပေါ်မှာ အခွန်ကင်းလွတ်ခွင့်တွေ အများကြီးပေးထားတဲ့ အချက်ပါပဲ၊ နောက်ပြီး အရင်က ဒေါ်လာ တစ်သန်းနဲ့အထက် ကုန်သွယ်လိုပါက ကန့်သတ်ချက်များစွာရှိပြီး အခွန် ကောက်ခံမှု အဆင့်ဆင့်လည်း ရှိခဲ့ပါတယ်။ အခွန် ပေးဆောင်နိုင်မှသာ ငွေကြေး လွှဲပြောင်းခွင့် ရှိခဲ့ပါတယ်။ အခု ငွေလွှဲရာမှာ အခွန် မပေးရတော့ပါဘူး။ လွတ်လပ်စွာ ကုန်သွယ်နိုင်ခြင်း၊ မြေငှားဂရမ်ကို နှစ် ၅၀ အထိ နှစ်ရှည်ခွင့်ပြု ခြင်းနှင့် အခြား လုပ်ထုံး လုပ်နည်း စည်းကမ်း သတ်မှတ်ချက်များ ဖြေလျှော့ပေးလိုက်ခြင်းတို့လည်း ရှိလာပါတယ်” ဟု အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် လွှတ်တော် အခွင့်အရေး ကော်မတီဝင် ဒေါက်တာ လှမိုးက ပြောသည်။ပြည်ကြီးတံခွန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးကျော်စိုးလင်းကလည်း “ဒီဥပဒေအရ တော့ လုပ်ပိုင်ခွင့် အားလုံးကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) ကိုပဲ ပေးထားတာပါ။

ပြည်ထောင်စု ဝန်ကြီးမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ကို ရယူနိုင်တယ်၊ အတည်ပြုချက် ယူပြီးတာနဲ့ MIC ကို တင်ပြရမှာပါ။ အရင် ရှိခဲ့တဲ့ ဥပဒေတွေကို လျှော့ချပေးလိုက်တဲ့ အချက်တွေက လုပ်ငန်းတွေအတွက် အရင်က MIC ကို တင်ပြခဲ့ရတယ်၊ အခုက ပြည်ထောင်စု ဝန်ကြီးဆီ တင်ပြရုံပါပဲ။ အဓိကကတော့ နိုင်ငံသားနဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကြား ညီမျှမှု ရရှိအောင် ရေးဆွဲထားတာပါ။ ဒါမှလည်း ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်လာနိုင်မှာပါ။ မြန်မာနိုင်ငံသားကို အချက်နှစ်ချက်ပဲ ပိုပေးထားတာ ရှိတယ်၊ အဲဒါတွေက မြေယာ ငှားရမ်းခွင့်နဲ့ပတ်သက်ပြီး အခွင့် အရေးရှိတဲ့အချက်၊ နောက် တစ်ခုက သင်တန်း တွေ နည်းပညာတွေ အထောက်အပံ့ပေးတဲ့ အချက်ပါ။ ခြုံ ကြည့်ရင်တော့ဒီဥပဒေဟာ နိုင်ငံဖွံ့ဖြိုးရေး အတွက် အရေးကြီးတဲ့ ဥပဒေ ဖြစ်သလို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ဆွဲဆောင်တဲ့ ဥပဒေ ဖြစ်ပါတယ်” ဟု ဆင်ဟွာကို ပြောသည်။

ဥပဒေကြမ်းကို စတင် ရေးဆွြဲပီး လွှတ်တော်သို့တင်သွင်းခဲ့သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ထိုဥပဒေအတွက် နည်းဥပဒေများ ရေးဆွဲ ထုတ်ပြန်ခြင်းကို ရက် ပေါင်း ကိုးဆယ် မတိုင်မီ အပြီး ဆောင်ရွက် နိုင်လိမ့်မည်ဟု လွှတ်တော် ကိုယ်စားလှယ်တို့က သုံးသပ်ပြောကြားခဲ့ကြသည်။ (Xinhua)