Connect with us

Local

မြန်မာ့ စီးပွားရေး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၇.၄ ရာခိုင်နှုန်း တိုးတက်ရန် လျာထားဟုဆို


ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

မြန်မာ့ စီးပွားရေးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်သစ်တွင် ၇.၄ ရာခိုင်နှုန်း တိုးတက်ရန် လျာထားကြောင်း အာဆီယံ+၃ မက်ခရို စီးပွားရေး သုတေသနရုံး(AMRO)၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ဆိုင်ရာ နှစ်ပတ်လည် ညှိနှိုင်း ဆွေးနွေးပွဲ အစီရင်ခံစာ အပေါ် ရှင်းလင်း ဆွေးနွေးမှုများ အရ သိရသည်။

AMRO ၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ဆိုင်ရာ နှစ်ပတ်လည် ညှိနှိုင်း ဆွေးနွေးပွဲ အစီရင်ခံစာ၏ အဓိက အာဘော်များ ၊ မက်ခရို စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၊ အလားအလာများ ၊ စွန့်စားမှုများ နှင့် မူဝါဒ ဆွေးနွေးချက်များ အပေါ် AMRO ၏ Chief Economist Dr.Hoe Ee Khor က ယနေ့အောက်တိုဘာ ၅ ရက်တွင် ရန်ကုန်မြို့၌ ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။AMRO ၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ဆိုင်ရာ နှစ်ပတ်လည် ညှိနှိုင်း ဆွေးနွေးပွဲ အစီရင်ခံစာသည် ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်မှ ၂၅ ရက် အထိ မြန်မာနိုင်ငံသို့လာရောက်သော AMRO ၏ နှစ်ပတ်လည် ညှိနှိုင်း ဆွေးနွေးပွဲ ခရီးစဉ် နှင့် ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက် အထိ ရရှိသော အချက်အလက်များ အပေါ် အခြေခံ၍ ပြုစုထားခြင်း ဖြစ်ကြောင်း သိရသည်။

AMRO ၏ Chief Economist Dr.Hoe Ee Khor က ရှင်းလင်း ဆွေးနွေးစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယခင် ဘဏ္ဍာရေးနှစ်တွင် ၅.၉ ရာခိုင်နှုန်း မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၆.၈ ရာခိုင်နှုန်း အထိ ဖွံ့ဖြိုးလာကာ ပုံမှန် နာလန်ထူမှု လမ်းကြောင်းပေါ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ထို့အတူ ပို၍ မြင့်မားသော စွမ်းအင် ဈေးနှုန်းများ ၊ ရေကြီးရေလျှံမှုကြောင့် ထုတ်လုပ်မှု ဆိုးရွား စွာ ကျဆင်းမှုများ နှင့် ငွေလဲနှုန်း မခိုင်မာမှု တို့ကြောင့် ငွေကြေး ဖောင်းပွမှုသည် ၂၀၁၈ ခုနှစ် ဧပြီလမှ သြဂုတ်လ အတွင်း ပျမ်းမျှခြင်း အားဖြင့် ၆.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ၊ သို့ရာတွင် ရေကြီးရေလျှံမှုများ၏ ရိုက်ခတ်မှု လျော့နည်း သွားပြီးနောက် လာမည့်နှစ်တွင် ယင်းသည် ၅.၀ ရာခိုင်နှုန်း ဝန်းကျင်တွင်သာ ရှိမည်ဟု မျှော်လင့်ကြောင်း သိရသည်။

AMRO ၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ဆိုင်ရာ နှစ်ပတ်လည် ညှိနှိုင်း ဆွေးနွေးပွဲ အစီရင်ခံစာ အပေါ် ရှင်းလင်းပွဲအား တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘာ့ကုန်သွယ်ရေး တင်းမာမှု မြင့်တက်လျက် ရှိပြီး စွမ်းအင် ဈေးနှုန်းများ မြင့်မားမှု တို့ကြောင့် ပြင်ပ တည်ငြိမ်မှု စွန့်စားမှုများသည် သိသာ ထင်ရှားနေဆဲ ဖြစ်ကြောင်း ၊ ကုန်သွယ်ရေး လိုငွေသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် တိုးတက်ခဲ့ကြောင်း သိရသည်။သို့ရာတွင် ရှေ ့ဆက်၍ ပို့ကုန်များသည် သက်တမ်းစေ့လာပြီ ဖြစ်သော ဓာတ်ငွေ့တွင်းများ နှင့် ပို၍ အားနည်းလာသော ပြင်ပ ဝန်းကျင်တို့ပါဝင်သော စိန်ခေါ်မှုပေါင်း မြောက်များစွာ ကြုံတွေ့ရမည်ဟု မျှော်လင့်ကြောင်း ၊ ထို့ပြင် ရခိုင်ပြည်နယ်ရှိ လူမျိုးစု တင်းမာမှုများသည် ရင်းနှီးမြှုပ်နှံသူ သဘောထားများ နှင့် ပတ်သက်၍ ဆက်လက် ဖိစီးနေမည် ဖြစ်ကြောင်း ဆွေးနွေးချက်များ အရ သိရသည်။

ထိုအတူ ဈေးကွက်ကို အခြေခံသော စီးပွားရေး နှင့် အားလုံး ပါဝင်သော ဖွံ့ဖြိုးမှုကို ရှေးရှုသည့် ဖွဲ့စည်းမှု ဆိုင်ရာ နှင့် အဖွဲ့အစည်း ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ဖွံ့ဖြိုး တိုးတက်စေခြင်းကို ပြည့်စုံ ကျယ်ပြန့်ပြီး တစ်သမတ်တည်း ဖြစ်သော မူဝါဒ ဘောင်နှင့် အညီ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်သင့်ကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

AMRO ၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ဆိုင်ရာ နှစ်ပတ်လည် ညှိနှိုင်း ဆွေးနွေးပွဲ အစီရင်ခံစာ အပေါ် ရှင်းလင်းပွဲအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံသည် အဝတ်အထည် ကဏ္ဍ အတွက် ရနိုင်သမျှ အခွင့်အလမ်းများကို အသုံးချလျက် ကုန်ထုတ်လုပ်မှု ကဏ္ဍ ထိုထက် တိုးတက်စေရန် ပိုမို ကျယ်ပြန့်သော ဖွဲ့စည်းပုံ ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကို အကောင်အထည် ဖော်ရာတွင် ပို၍ ကြီးမားသော ကြိုးပမ်း အားထုတ်မှုများကို ပြုလုပ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့ပြင် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ(SEEs)များနှင့် ပတ်သက်၍ တိကျ ရှင်းလင်းပြီး ပေါင်းစည်းမှု ရှိသော အစိုးရ မူဝါဒ တစ်ရပ် ချမှတ်ခြင်းသည် ပြုပြင် ပြောင်းလဲရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း ၊ SEEs များအား အုပ်ချုပ်မှုတွင် အစိုးရ၏ အခန်းကဏ္ဍသည် ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းမှု တိုးတက်စေရန် ပိုမို ရှင်းလင်း ပြတ်သားသင့်ကြောင်း ၊ ပြုပြင် ပြောင်းလဲရေး အတွက် အစိုးရ အဖွဲ့အစည်း တစ်ခု သတ်မှတ်ခြင်း နှင့် လုပ်ဆောင်မှု အကဲဖြတ် စနစ် တစ်ရပ် ချမှတ်ခြင်းသည် SEEs များ ပြုပြင် ပြောင်းလဲရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။

အာဆီယံ+၃ မက်ခရို စီးပွားရေး သုတေသနရုံး(AMRO)သည် အရှေ ့တောင် အာရှ နိုင်ငံများ အသင်းကြီး၏ အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်(ဟောင်ကောင်) ၊ တရုတ် ၊ ဂျပန် နှင့် ကိုရီးယား နိုင်ငံတို့ပါဝင်သော အာဆီယံ+၃ ဒေသ၏ စီးပွားရေး လုံခြုံမှု နှင့် ငွေကြေး တည်ငြိမ်မှုကို အထောက်အကူ ပြုရန် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာ အဖွဲ့အစည်း တစ်ရပ် ဖြစ်သော AMRO သည် မက်ခရို စီးပွားရေး စောင့်ကြည့်မှု ဆောင်ရွက်ခြင်း ၊ ဒေသဆိုင်ရာ ငွေကြေး အစီအစဉ်များ အကောင်အထည်ဖော်မှုအား အကူအညီ ပေးခြင်း ၊ ချင်းမိုင် ပဏာမ ဘက်ပေါင်းစုံ ပါဝင် ဆောင်ရွက်မှု(CMIM) နှင့် အဖွဲ့ဝင်များအား နည်းပညာ အကူအညီ ပေးခြင်း တို့ဖြင့် ယင်းလုပ်ပိုင်ခွင့်များကို ဖြည့်ဆည်း ပေးလျက် ရှိကြောင်း သိရသည်။(Xinhua)