Connect with us

Local

ရွှေဈေးနှုန်းများရက်ပိုင်းအတွင်း ၁၄ သိန်းကျော်အထိ မြင့်တက်ခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ရွှေဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့ ရှိ ရွှေဆိုင်တစ်ဆိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့်

မြန်မာ့ရွှေဈေးတစ်ကျပ်သားလျှင် ကျပ် ၁,၄၁၀,၀၀၀ အထိ ရက်ပိုင်းအတွင်း ဈေးနှုန်းမြင့်တက်သွားသောကြောင့် ရွှေဈေးနှုန်းအားထိန်းနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ရွှေဈေးနှုန်းတည်ငြိမ်ရေး အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၄) ရပ်ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ဖေဖော်ဝါရီ ၅ ရက်တွင်ပြောသည်။

ဦးမျိုးမြင့်က “ကောလာဟလတွေဖြစ်ပြီး ဘဏ်ကနေ ပိုက်ဆံထုတ်၊ ပိုက်ဆံထုတ်ပြီးတော့ ရွှေဝယ်ကြတယ်။ ရွှေကမရသေးဘဲ ပိုက်ဆံကို လာလာကြိုပေးကြတော့ ရွှေဈေးကွက်က အပြိုင်လုဝယ်သလိုဖြစ်ပြီး ဈေးကတက်တယ်။ မနေ့က ကျွန်တော်တို့ အစည်းအဝေးလုပ်တယ်။ ရွှေလာဝယ်သူတွေကိုလည်း ဘာကြောင့်ဝယ်တာလဲ။ စိုးရိမ်ကြောင့်ကြလို့ ဝယ်တာဆိုရင် မဝယ်ပါနဲ့ ရွှေဈေးပြန်ကျမယ်။ အရေးမကြီးရင် မဝယ်ဖို့ ရှင်းပြပေးတယ်’’ ဟုပြောသည်။

ယင်းဆုံးဖြတ်ချက် (၄)ရပ်မှာ ငွေကြေးကောလာဟလများအား လက်မခံရန်၊ ထိန်းထိန်းသိမ်းသိမ်း အရောင်းအဝယ်ပြုလုပ်ကြရန်၊ ဖုန်းဖြင့်ဆက်၍ ရွှေဝယ်ခြင်းများသည် ဈေးနှုန်းဖောင်းပွသောကြောင့် ရွှေတကယ်ဝယ်လိုသူများ၊ ရောင်းလိုသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းသို့ ပိုက်ဆံယူလာ၍ ရွှေပေး၊ ငွေယူ (ရွှေထိ၊ငွေထိ) ပုံစံဖြင့်ရောင်းချရန် နှင့် COVID-19 ရောဂါပြန့်ပွားခြင်းကာကွယ်ရန်အတွက် COVID-19 စည်းမျဉ်းစည်းကမ်းနှင့်အညီ ရောင်းခြင်းဝယ်ခြင်းများ ဆောင်ရွက်ရန် တို့ဖြစ်ကြောင်းသိရသည်။

“ဒီနေ့ မနက်မှာ ရွှေဈေးနှုန်းတွေစကျခဲ့တယ်။ မနက်ပိုင်းမှာ ၁,၃၈၀,၀၀၀ နဲ့စဖွင့်ခဲ့တယ်။ စိုးရိမ်ကြောင့်ကြမရှိပါနဲ့။ ရွှေဈေးကပြန်ကျမှာပါလို့ ပြည်သူတွေကိုပြောချင်ပါတယ်’’ ဟု ၎င်းကဆက်ရှင်းပြသည်။
ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းတွင် မြန်မာ့ရွှေဈေးတစ်ကျပ်သားလျှင် ၁,၃၅၅,၀၀၀ ကျပ် နှင့် ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၁၇၈၇ ဒေါ်လာ ပေါက်ဈေးရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.