Connect with us

Local

ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ

သီရိမင်္ဂလာဈေးရှိ ဖရဲသီးဒိုင်တစ်ခု အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ပြည်တွင်း ၌ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများကို တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်၍ ပြည်ပဈေးကွက်ရှာဖွေနိုင်ရန် ကုန်သွယ်ဖက်နိုင်ငံများရှိ စီးပွားရေးသံမှူးများက ဈေးကွက်ချိတ်ဆက်ပေးနေကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်း က “သက်ဆိုင်ရာ နိုင်ငံတွေအလိုက် စီးပွားရေးသံမှူးတွေက သတင်းအချက်အလက်၊ ဈေးကွက်ဝယ်လိုအားနဲ့ ချိတ်ဆက်မှုတွေ ကို ကျွန်တော်တို့ ဝန်ကြီးဌာနကို တင်ပြပြီး ချိတ်ဆက်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ စက်တင်ဘာ ၂၃ ရက် တွင်ပြောကြားသည်။

ပြည်ပဈေးကွက်တွင် ချိတ်ဆက်ရှာဖွေမှုများပြုလုပ်ပေးနိုင်ရန် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အန္ဒိယနိုင်ငံ၊ အမေရိကန် နိုင်ငံ နှင့် ဘယ်လ်ဂျီယံနိုင်ငံ တို့ ၌ စီးပွားရေးသံမှူးများ ခန့်အပ်ထားကြောင်း သိရသည်။

လက်ရှိတွင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့ရှိ သစ်သီးဝလံ တန်ဖိုးမြှင့်ထုတ်ကုန်စက်ရုံများသို့ ပို့ဆောင်ကာ သရက်သီး၊ ခရမ်းချဉ်သီး နှင့် တခြားသီးနှံများ ကို အေးခဲခြင်း၊ အခြောက်ခံခြင်း၊ နာနတ်သီးခြောက် စည်သွတ်ဘူပြုလုပ်ခြင်း နှင့် လက်ဖက်တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း များရှိလာကြောင်း သိရသည်။စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများသို့ တင်ပို့ခွင့်ရရှိနေသည့် မြန်မာ့လယ်ယာထွက်ကုန်သီးနှံများဈေးကွက်ခိုင်မာရေး နှင့် ပိုမိုတိုးတက်တင်ပို့နိုင်ရေး အတွက် နိုင်ငံတကာရှိ မြန်မာသံရုံများ၌ စီးပွားရေးသံမှူးများထားရှိကာ စီမံကိန်းချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua)