Connect with us

Local

COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း MSME လုပ်ငန်းများ အကြံဉာဏ်ရယူလိုပါက အွန်လိုင်းမှ ဆွေးနွေးမှုများ ဆောင်ရွက်ပေးမည်

ရန်ကုန်တိုင်းဒေသကြီးတွံတေးမြို့ရှိ အိုးလုပ်ငန်းတစ်ခုတွင် အလုပ်သမားတစ်ဦးမြေအိုးများ ဈေးကွက်အတွင်းရောင်းချရန် ရွေးချယ်နေစဉ်။ (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း လုပ်ငန်းအစပျိုးခါစလုပ်ငန်းရှင်များ နှင့် MSME(Micro, Small and Medium Enterprises) လုပ်ငန်းရှင်များ အနေဖြင့် မိမိလုပ်ငန်းများ နှင့် ပတ်သက်သော အကြံဉာဏ်များ ရယူနိုင်ရန် အွန်လိုင်းမှ တစ်ဆင့် ဆွေးနွေးမှုများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန မှ သိရသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က “ကျွန်တော်တို့ဝန်ကြီးဌာနမှာ ဒီကိစ္စအတွက် ဆောင်ရွက်ပေးတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဌာန ရှိပါတယ်။ အဲဒီဌာနက နေပြီး အသေးစားနဲ့ အလတ်စားလုပ်ငန်း ရှင်တွေအတွက် ဆောင်ရွက်ချက်တွေထဲက တစ်ခုအနေနဲ့ ဆောင်ရွက်ပေးတာဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ အောက်တိုဘာ ၁၇ ရက်တွင် ပြောသည်။

အွန်လိုင်းမှ တစ်ဆင့် ဆွေးနွေးမှုများ ဆောင်ရွက်ပေးမည့်အကြောင်းအရာများမှာ MSME လုပ်ငန်းရှင်များ လိုအပ်နေသော နည်းပညာများနှင့် သက်ဆိုင်ရာအကြံဉာဏ်များ၊ နည်းပညာ အကြံပေး၊ သစ်သီး ဝလံဆိုင်ရာလုပ်ငန်းများ၊ အစပျိုးလုပ်ငန်းများအတွက် စီးပွားရေး အကြံပေး ဆွေးနွေးခြင်း၊ ဈေးကွက်ရှာဖွေရေး အကြံပေးဆွေးနွေးခြင်း၊ ဒစ်ဂျစ်တယ် ဈေးကွက် ရှာဖွေရေး အကြံပေးဆွေးနွေးခြင်း၊ စီးပွားရေး လုပ်ငန်းစီမံချက် အကြံပေးဆွေးနွေးခြင်း စသဖြင့် အကြောင်း အရာမျိုးစုံအား Zoom Application မှ တစ်ဆင့် ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးလိုသည့် လုပ်ငန်းရှင်အနေဖြင့် အွန်လိုင်းမှဆွေးနွေးရန် တောင်းခံရမည်ဖြစ်ပြီး၊ ဆွေးနွေးမှု တစ်ကြိမ်လျှင် ၁ နာရီ ဆွေးနွေးပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် လုပ်ငန်းပေါင်း ၁,၂၀၀ ခုသို့ ခွင့်ပြုငွေ ပမာဏ ကျပ် ၂၁ ဒသမ ၁၂၂ဘီလီယံကို အောက်တိုဘာ ၁၆ ရက်တွင် ဒုတိယအကြိမ် COVID-19 Fund မှ ချေးငွေ ထုတ်ယူခွင့်ပြု ခဲ့ကြောင်း နှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် ဒစ်ဂျစ်တယ်နည်းပညာ တတ်ကျွမ်းမှုဆိုင်ရာ သင်တန်းများအား အောက်တိုဘာ ၁၉ ရက်မှ ၃၀ ရက်အထိ အွန်လိုင်းမှ သင်တန်းများ ပို့ချသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန မှ သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.