Connect with us

Local

နိုင်ငံ့ စီးပွားရေး အကျိုး ဖြစ်ထွန်းစေရန် အခွန်ကင်းလွတ်ခွင့်(GSP) အပေါ် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ရမည်

မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ဖြစ်သည့် ရန်ကုန်မြို့အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံအား အမေရိကန် နိုင်ငံမှ ကုန်သွယ်မှု ဆိုင်ရာ အထူးကုန်စည်များ အခွန် ကင်းလွတ်ခွင့် (Generalized System of Preferences- GSP)အခွင့်အရေးအား ပြန်လည် ပေးအပ်မည် ဖြစ်သော်လည်း လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများ ပြည့်မီမှသာ နိုင်ငံစီးပွား အတွက် အကျိုးရှိစေနိုင်မည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင် ၊ လုပ်ငန်းရှင်များ အသိုင်းအဝန်းမှ သိရသည်။

စီးပွားရေး တိုးတက်လာစေရန် ပိတ်ဆို့အရေးယူမှု နှင့် နိုင်ငံတကာ အထောက်အပံ့ အကူအညီများ ရရန် လိုအပ်ကြောင်း ၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ (LDC) ဖြစ်သည့် အနေအထားတွင် ပိတ်ဆို့အရေးယူမှု ကဲ့သို့ကန့်သတ်ချက်များ ရှိနေခြင်းသည် ပြုပြင်ပြောင်းလဲမှုများအား အရှိန်အဟုန် တန့်စေနိုင်ကြောင်း နိုင်ငံတော် သမ္မတရုံး ၊ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ယနေ့စက်တင်ဘာ ၁၅ ရက်တွင် ပြောသည်။
“အဲလို ရုတ်သိမ်းပေးမယ် ဆိုရင် ကျွန်တော်တို့က ဝမ်းမြောက် ဝမ်းသာ ကြိုဆိုတယ်။GSP ဖွင့်ပေးလိုက်တာနဲ့ကျွန်တော်တို့ဆီက ပို့ကုန်တွေ ၊ ထွက်ကုန်တွေ ပြည်တွင်းမှာလည်း အရည်အသွေး မြင့်တာ လုပ်ရအုန်းမယ်။အရည်အသွေးတွေ မြင့်တင်ရမယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်မှာ ရေထွက် ပစ္စည်းနှင့် လယ်ယာ ထွက်ကုန်များသာ တင်ပို့နိုင်သေးပြီး ထိုအရင်းအမြစ်များ တိုးတက်လာစေရန် အရင်းအနှီး နှင့် နည်းပညာများ လိုနေသေးကြောင်း မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်မှ ဦးအောင်သန်းဦးက ဆင်ဟွာသို့ပြောသည်။
မြန်မာနိုင်ငံက လက်ရှိမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့နိုင်ငံတကာ ဈေးကွက်မှာ ယှဉ်ပြိုင် ရောင်းနိုင်ဖို့ဆိုရင် ဈေးနှုန်းကို ချိန်ဆ ရောင်းနေရတယ်၊ဈေးကွက် ထိုးဖောက်နိုင်မှု အားနည်းနေတယ်။အဓိကတော့ အမြောက်အမြား ထုတ်လုပ်နိုင်မှု အားနည်းနေတယ်။ဥပမာ လယ်ယာကဏ္ဍမှာဆိုရင် နိုင်ငံ အဓိက ထွက်ကုန် အဖြစ် သတ်မှတ်နိုင်ဖို့စပါး အမျိုးအစား ၊ ဆန်အမျိုးအစားက အမျိုးအစား အများကြီး ကွဲပြားနေတယ်။”ဟု ၎င်းက ပြောသည်။
အမေရိကန် နိုင်ငံ၏ ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့် ရရှိမည် ဖြစ်သည့် အတွက် အမေရိကန် နိုင်ငံ၏ တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုများ ဝင်လာမည် ဖြစ်ကြောင်း ၊ ယခင်က ပိတ်ဆို့အရေးယူမှု ရှိနေသည့် အတွက် အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုများ တစ်ခြား တစ်ဘက်က လှည့်ဝင်ခဲ့ပြီး ယခု ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းလိုက်သည့် အတွက် ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာများ အဆင်ပြေသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက ဆင်ဟွာသို့ပြောသည်။
လက်ရှိ အချိန်တွင် အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများမှာ အမေရိကန် ဒေါ်လာ ၂၄၈.၂၁၆ သန်း ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ထုတ်ကုန် အရည်အသွေး မြှင့်တင်ရန် အမျိုးသား ပို့ကုန် မဟာဗျူဟာနှင့် အညီ ဆောင်ရွက်နေကြောင်း ၊ အရည်အသွေး စီမံခန့်ခွဲမှု အပိုင်းကို အဓိက ဆောင်ရွက်သွားမည် ဖြစ်ပြီး အဝတ်အထည် ၊ ရေထွက် ပို့ကုန် ၊ သစ်တော်ထွက် ပို့ကုန်များ တင်ပို့မှုတွင် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ညွှန်ကြားရေးမှုးချုပ် ဦးအောင်စိုးက ဆင်ဟွာသို့ပြောသည်။
အမေရိကန် နိုင်ငံမှ ကုန်သွယ်မှု ဆိုင်ရာ အထူးကုန်စည်များ အခွန် ကင်းလွတ်ခွင့် (Generalized System of Preferences- GSP)အခွင့်အရေး ရရှိမည် ဖြစ်သည့် အတွက် အမေရိကန် ဈေးကွက်အား ပိုမို ထိုးဖောက်နိုင်မည်ဟု ယူဆပြီး GSP အခွင့်အရေး ရရှိမည် ဖြစ်သော်လည်း ပို့ကုန် လုပ်ငန်းရှင်များ ထုတ်ကုန်များကို မြှင့်တင်နိုင်မှု ၊ ကုန်သွယ်ရေး ဆိုင်ရာ ဘဏ္ဍာရေး စနစ်များ ပြင်ဆင်နိုင်မှု အပေါ် မှုတည်နေသည်ဟု စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကို က သုံးသပ်သည်။
အမေရိကန်သမ္မတအို ဘားမားက မြန်မာနိုင်ငံအပေါ် ကုန် သွယ်ရေးဆိုင်ရာအထူးကုန်စည်များ အခွန် ကင်းလွတ်ခွင့်(GSP)ပေးရန် စက် တင်ဘာ ၁၄ရက်တွင် အောက် လွှတ်တော်ကွန်ဂရက်သို့ စာလွှာ ပေးပို့ခဲ့ပြီး စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့် အခြားအကူအညီများပေးရန် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ပူးတွဲ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.