Connect with us

Local

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတတိယနေ့ ဆက်လက်ကျင်းပ၊ ကျောက်စိမ်းအတွဲများကို အောက်တိုဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ရောင်းချသွားမည်

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၂၂ ရက်တွင် ဆက်လက်ကျင်းပလျက်ရှိပြီး ကျောက်စိမ်းအတွဲများကို အောက်တိုဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌတစ်ဦးက ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၂၂ ရက်တွင်ပြောသည်။မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌတစ်ဦးက “ကျောက်စိမ်းအတွဲတွေကို အောက်တိုဘာ ၂၀ ရက်ကနေ ၂၇ ရက်အထိ ခင်းကျင်းပြသထားမှာပါ။ ရောင်းချတာကတော့ အောက်တိုဘာ ၂၄ ရက်ကနေ ၂၈ ရက်အထိ ရောင်းချသွားမှာပါ” ဟု ပြောသည်။၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲထက် ယခု ၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် ဝယ်ယူသူ၊ လာရောက်လေ့လာသူများဖြင့် ပိုမိုစည်ကားကြောင်း ၎င်းကဆိုသည်။

“ဧည့်သည်တွေဝင်ရောက်မှုက များတယ်။ ပျမ်းမျှအားဖြင့် ဧည့်သည် ၄,၀၀၀ လောက်ဝင်ရောက်တာ တွေ့ရတယ်။ ဒီတစ်ခေါက်မှာ ဘာလို့ စိတ်ဝင်စားသူပိုများလဲဆိုတော့ ကျောက်ကောင်းတွေလည်းပါတယ်။ အလယ်အလတ်ကျောက်တွေလည်းပါတယ်။ ကျပ်ငွေနဲ့ local တွေဝယ်လို့ရမယ့် ကျောက်အတွဲပေါင်း ၅၀၀ ကျော်ရှိတော့ အဲဒါကိုလည်း ပြည်တွင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေက စိတ်ဝင်စားကြတယ်” ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌတစ်ဦးက ဖြည့်စွက်ပြောကြားသည်။

ပြပွဲဒုတိယနေ့တွင် ရောင်းချမည့် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၅၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာ များကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ ပုလဲအတွဲပေါင်း ၃၀၀ အနက်မှ ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၅၀ အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများအနက် တင်ဒါအမှတ် (၁) ကို အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် လည်းကောင်း၊ တင်ဒါအမှတ် (၂) ကို ညနေ ၅ နာရီတွင် လည်း ကောင်း တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးပြီး ပုလဲအတွဲ ပေါင်း ၁၅၀ ရောင်းချရကြောင်း ကြေညာသည်။ပြပွဲတတိယနေ့တွင် ပုလဲ အတွဲပေါင်း ၃၀၀ အနက်မှ ကျန်ရှိ သည့် ပုလဲအတွဲအမှတ် ၁၅၁ မှ အတွဲအမှတ် ၃၀၀ အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခု ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တို ဘာ ၂၀ ရက်မှစတင်၍ ၂၈ ရက် အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲ ၃၀၀၊ ကျောက် မျက်အတွဲ ၁၆၀၊ (A) အုပ်စုမှ ကျောက်စိမ်းအတွဲ ၅၂၀၊ (B) အုပ်စု မှ ကျောက်စိမ်းအတွဲ ၁၇၃၃ နှင့် (C)အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၇၉၂ စုစုပေါင်း ကျောက်စိမ်း အတွဲ ၄,၀၄၅ တို့ကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ အောင်တိုဘာ ၂၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.