Connect with us

Business

မြန်မာနိုင်ငံမှ အသားများကို အေးခဲအသားများအဖြစ် နိုင်ငံတကာဈေးကွက်သို့ တရားဝင်တင်ပို့နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိ

နွားများကိုတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အမဲသားအပါအဝင် အသားအမျိုးမျိုးကို ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် လမ်းညွှန်ချက်၊ သားသတ်ရုံများအနေဖြင့် အေးခဲအသားများကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့မည်ဆိုပါက စံချိန်စံညွှန်းနှင့် အညီတင်ပို့နိုင်ရန် လက်ရှိတွင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၁၉ ရက်တွင် ပြောသည်။

ဦးလှထွန်းက “လောလောဆယ်တော့ အေးခဲအသားတွေကို နိုင်ငံတကာကို တရားဝင်တင်ပို့တာတော့ မရှိသေးဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံကို တင်ပို့တဲ့အခါ နွားအရှင်အစား အေးခဲအသားပို့ဖို့ ဝန်ကြီးချုပ်ကြီးက မှတ်ချက်ပြုထားပါတယ်။ လောလောဆယ် ကျွန်တော်တို့ဆီမှာ အသားခြောက်တွေ တင်ပို့တာရှိပေမဲ့ အေးခဲအသားတော့ တင်ပို့တာမရှိသေးဘူး” ဟုပြောသည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံသူများနှင့် အဆင့်မီ သားသတ်ရုံများ တည်ဆောက်ရန် ဆွေးနွေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးဇုန်များ တည်ဆောက်ထားပြီးဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
“အေးခဲအသားကို ပို့နိုင်တဲ့ကုမ္ပဏီတွေ အနေနဲ့ တိရစ္ဆာန်တွေမွေးပြီး ကုမ္ပဏီက သူတို့ဘာသာတင်ပို့ပေါ့။ တင်ပို့တဲ့ ကုမ္ပဏီတွေအနေနဲ့ကလည်း နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ တင်ပို့နိုင်ဖို့လုပ်ရမှာပါ။ အဲဒီလို အေးခဲပို့ဖို့ သားသတ်ရုံတွေ၊ ခဲတဲ့အအေးခန်းတွေ အများကြီးလိုအပ်ပါတယ်။ စံချိန်စံညွှန်း မညီရင်တော့ လုပ်လို့မရပါဘူး” ဟု ဦးလှထွန်းက ဖြည့်စွက်ပြောကြားသည်။

တိရစ္ဆာန်များကိုမွေးမြူပြီး အသားထုတ်ပြီးပါက စံချိန်စံညွှန်းနှင့် အညီ အေးခဲရမည်ဖြစ်ကြောင်း၊ တင်ပို့သည့် နေရာတွင်လည်း စံချိန်စံညွှန်းနှင့်အညီ တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
“မွေးမြူရေးဇုန်တွေဖော်ဆောင်ပြီး ကုမ္ပဏီတွေအနေနဲ့ အဲဒီလုပ်ငန်းတွေ တစ်ခါတည်းဆောင်ရွက်နိုင်အောင် ကျွန်တော်တို့က ဖွင့်လှစ်ဖော်ဆောင်ပေးထားပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အတွက် နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.