Connect with us

Business

လျှပ်စစ်သုံးယာဉ် (EV) များကို အမြတ်ငွေ ၂၀ ရာခိုင်နှုန်းအထက် ပိုမိုရောင်းချခြင်းနှင့် ကြိုပွိုင့်များဖြင့် ရောင်းချသူများကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်

ရန်ကုန်မြို့ရှိ Pannita Auto Fair တွင် တရုတ်နိုင်ငံမှ တင်သွင်းလာသော BYD e2 ဘက်ထရီ လျှပ်စစ်ကား လာရောက်ကြည့်ရှုသူများ ကို ၂၀၂၃ ခုနှစ်၊ မတ် ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

လျှပ်စစ်သုံးယာဉ် (EV) များကို အမြတ်ငွေ ၂၀ ရာခိုင်နှုန်းအထက် ပိုမိုရောင်းချခြင်းနှင့် မော်တော်ယာဉ် ရောက်ရှိခြင်းမရှိဘဲ ကြိုတင်ရောင်းချပါက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းမည့်အပြင် စားသုံးသူရေးရာဥပဒေဖြင့်ပါ အရေးယူမည်ဖြစ်ကြောင်း လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီက ဇူလိုင် ၂၆ ရက်တွင် အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့ရှိ Pannita Auto Fair တွင် တရုတ်နိုင်ငံမှ တင်သွင်းလာသော BYD e2 ဘက်ထရီ လျှပ်စစ်ကား လာရောက်ကြည့်ရှုသူများ ကို ၂၀၂၃ ခုနှစ်၊ မတ် ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ Pannita Auto Fair တွင် တရုတ်နိုင်ငံမှ တင်သွင်းလာသော BYD e2 ဘက်ထရီ လျှပ်စစ်ကား လာရောက်ကြည့်ရှုသူများ ကို ၂၀၂၃ ခုနှစ်၊ မတ် ၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ထိုက်အေးက “EVကားတွေကို အမြတ်ငွေ ၂၀ ရာခိုင်နှုန်းပဲ ယူရမယ်ဆိုတာ နဂိုကတည်းက လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီက ပြောထားပြီးသားပါ။ ပြဿနာကဘာလဲဆိုတော့ ကျွန်တော်တို့ဆီမှာက ကြိုပွိုင့်နဲ့ရောင်းတဲ့အခါ ကားအရောင်းပြခန်းမပြီးတာတို့၊ သတ်မှတ်ချက်လေးတွေ မပြီးတာတို့ ရှိတော့ကြန့်ကြာနေတာတွေရှိတယ်။ အဲဒီအခါမှာ ကြိုပွိုင့်နဲ့ရောင်းချတဲ့အခါ ပိုက်ဆံယူတာတွေ က ကြန့်ကြာတာတွေရှိတော့ တိုင်သူရှိတဲ့ထိန်းကွပ်တဲ့သဘော အနေနဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်တာလို့ထင်ပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၂၆ ရက်တွင်ပြောသည်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ မှဇွန်လကုန်အထိ ၆ လတာကာလအတွင်း လျှပ်စစ်သုံးယာဉ် (EV) တင်သွင်းခွင့်နှင့်ပတ်သက်ပြီး နှစ်ဆန်းပိုင်းတွင် ကုမ္ပဏီ ၉ ခုကို စတင်ခွင့်ပြုခဲ့ကြောင်း၊ နှစ်လယ်၌ ကုမ္ပဏီ ၃၁ ခုအထိခွင့်ပြုခဲ့ကြောင်း၊ ၅ လတာကာလ အတွင်းလူစီး လျှပ်စစ်သုံးယာဉ် ၆၁၅ စီး၊ခရီးသည်ယာဉ် ၈ စီး၊လုပ်ငန်းသုံး ၆ စီးခွင့်ပြုထားခဲ့ကြောင်းနှင့် ကညနမှ မှတ်ပုံတင်ပြီး လူစီး ၄၆၇ စီး၊ကုန်တင်ဝန်ပေါ့ ၂ စီး၊ နှစ်ဘီးတပ်ယာဉ် ၂,၄၇၄ စီး၊ သုံးဘီးတပ် ၂၆၃ စီး စသဖြင့် လျှပ်စစ်သုံးယာဉ်များကိုမှတ်ပုံတင်ထားပြီးဖြစ်ကြောင်း ဦးဇော်ထိုက်အေး၏ ပြောကြားချက်အရ သိရသည်။

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် လျှပ်စစ်သုံးယာဉ်များအား လူမှုကွန်ရက်များတွင်လည်းကောင်း၊ Show Room များတွင်လည်းကောင်း ကြိုပွိုင့် (Pre Order) ဖြင့် ရောင်းချနေကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် ဇွန်လများ၌ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်များ တင်သွင်းသည့် ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးများတွင် လျှပ်စစ်သုံးယာဉ်များ ပြန်လည်ရောင်းချရာ၌ CIF (Cost, Insurance and Freight) တန်ဖိုးအပေါ် အမြတ် ၂၀ ရာခိုင်နှုန်းအထက် ပိုမိုရောင်းချခြင်းမပြုရန်၊ လူမှုကွန်ရက်တွင် ကြော်ငြာရောင်းချခြင်းမပြုရန်၊ မော်တော်ယာဉ် ရောက်ရှိခြင်းမရှိဘဲ ကြိုပွိုင့် (Pre Order) ဖြင့် ကြိုတင်ရောင်းချခြင်းမပြုရန် သတိပေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အထက်ဖော်ပြပါ တားမြစ်ချက်အပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စီမံခန့်ခွဲမှု နည်းလမ်းအရ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊ စားသုံးသူရေးရာဥပဒေအရ အရေးယူခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင်ဖော်ပြထားသည်။

“ကားအရောင်းပြခန်းတွေ ပြင်ဆင်ဖွင့်လှစ်ပြီးရင်တော့ EV ကားတွေ ထွက်ရှိလာမှာပါ။ လက်ရှိဈေးကွက်လိုအပ်ချက်ကလည်း အရမ်းအဝယ်လိုက်နေပါတယ်” ဟု ဦးဇော်ထိုက်အေးကပြောသည်။ (Xinhua)