Connect with us

Business

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ သုံးလပတ်တွင် ပဲနှင့်ပဲမျိုးစုံတင်ပို့မှု ကျဆင်း

မန္တလေးပဲဈေးကွက်အတွင်းရှိ ပဲနှင့် ပဲမျိုးစုံအား၂၀၂၀ပြည့်နှစ်က တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် ပဲနှင့် ပဲမျိုးစုံ ၄၂၄,၁၈၇ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၁၃.၄၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အတွင်း ပဲမျိုးစုံ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃၃.၄၆ သန်းကျော် ရရှိခဲ့ကြောင်း၊ ယမန်နှစ်အလားတူကာလတွင်မူ ပဲနှင့် ပဲမျိုးစုံ ၄၈၉,၉၈၅ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၆၉.၈၁၃ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံသည် ပဲနှင့် ပဲမျိုးစုံ အမျိုးအစား ၂၀ ကျော်ကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဥရောပနိုင်ငံများအပါအဝင် အခြားနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့သည့် ပဲအမျိုးအစားများမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ မြေထောက်ပဲနှင့် ထောပတ်ပဲတို့ ပါဝင်ကြောင်း သိရသည်။

မန္တလေးပဲဈေးကွက်အတွင်း ပဲများကို ကြည့်ရှုနေသူများကို ၂၀၂၀ ပြည့်နှစ်က တွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

“ပြည်ပဈေးကွက်မှာ မြန်မာ့ပဲတွေက ဈေးနည်းနည်းမြင့်နေတဲ့အတွက် ဒီနှစ် မြန်မာ့ပဲနဲ့ ပဲမျိုးစုံ တင်ပို့မှု နည်းနည်းလျော့ကျသွားတာပါ” ဟု ပဲနှင့် ပဲမျိုးစုံ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာ ရဲလင်းထွန်းက ဆင်ဟွာသို့ ပြောသည်။

“မြန်မာနိုင်ရဲ့ ပဲနဲ့ပဲမျိုးစုံမှာဆိုရင် မတ်ပဲနဲ့ ပဲတီစိမ်းက မြန်မာနိုင်ငံရဲ့ အဓိကထိပ်တန်းပို့ကုန်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကို မတ်ပဲတင်ပို့ပြီး ပဲတီစိမ်းကိုတော့ တရုတ်နိုင်ငံကို အဓိကတင်ပို့ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ယခင်က ၎င်းတို့ပို့ကုန်ဝင်ငွေ၏ ၆၅ ရာခိုင်နှုန်းအား ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းဖြင့် ပြည်တွင်းသုံးငွေအဖြစ်သို့ ပြောင်းလဲရန် လိုအပ်သော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းများကို ဇူလိုင်လအတွင်း ဖြေလျှော့ပေးခဲ့ပြီး ပို့ကုန်တင်ပို့မှုမှ ရရှိငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်းဖြင့် လဲလှယ်ရန်လိုအပ်တော့ကြောင်း သိရသည်။

ဗဟိုဘဏ်၏ ဆောင်ရွက်မှုသည် ပဲနှင့် ပဲမျိုးစုံ တင်ပို့မှုတွင် တိုးတက်မှုအနည်းငယ်ဖြစ်ပေါ်စေကြောင်း ပို့ကုန်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

ဇူလိုင် ၂၈ ရက်က ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည် အမေရိကန်တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပငွေကြေးလဲလှယ်သည့်ဈေးကွက်တွင် ၃,၀၀၀ ကျပ်ဝန်းကျင်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးမင်းမင်းက “ပဲနဲ့ ပဲမျိုးစုံထုတ်လုပ်မှုကို မြှင့်တင်နိုင်ခဲ့ရင် ကျွန်တော်တို့ရဲ့ ပို့ကုန်ပမာဏကို တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုမြှင့်တင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ဆင်ဟွာသို့ပြောသည်။

မြန်မာနိုင်ငံသည် သုံးလတာကာလအတွင်း ပင်လယ်ရေကြောင်းမှ ပဲနှင့်ပဲမျိုးစုံ ၃၆၉,၂၃၇ တန်ကျော် သို့မဟုတ် ၈၇ ရာခိုင်နှုန်း တင်ပို့ခဲ့ပြီး ကျန် ၁၃ ရာခိုင်နှုန်းခန့် သို့မဟုတ် ပဲမျိုးစုံ ၅၄,၉၅၀ တန်ကျော်ကို နယ်စပ်မှတစ်ဆင့် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပဲတီစိမ်းနှင့် မတ်ပဲမှာ မြန်မာနိုင်ငံတွင် အများဆုံး စိုက်ပျိုးသည့် ပဲအမျိုးအစား နှစ်မျိုးဖြစ်ပြီး နိုင်ငံတွင်း ပဲမျိုးစုံထွက်ရှိမှု စုစုပေါင်း၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း ၆၉၁,၃၉၉ တန်ကျော်အပါအဝင် ပဲနှင့် ပဲမျိုးစုံတန်ချိန် ၁.၉၁ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပဲနှင့် ပဲမျိုးစုံသည် မြန်မာနိုင်ငံတွင် စပါးပြီးလျှင် ဒုတိယအများဆုံး စိုက်ပျိုးသီးနှံဖြစ်ပြီး နိုင်ငံ၏ လယ်ယာထွက်ကုန် စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.