Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ထိပ်တန်း နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့ နှစ်ပတ်လည် အစည်းအဝေး ယနေ့ ကျင်းပမည်

တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ၏ ၅ ကြိမ်မြောက် အမျိုးသား ကော်မတီ အစည်းအဝေး ပြောရေးဆိုခွင့်ရှိသူ ဝမ်ကော်ချင်းအား မတ်လ ၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေး အကြံပေးအဖွဲ့ ဖြစ်သော တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (Chinese People’s Political Consultative Conference= CPPCC) အမျိုးသား ကော်မတီ နှစ်ပတ်လည် အစည်းအဝေးအား ယနေ့ (မတ်လ ၃ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၃း၀၀ နာရီတွင် ပေကျင်းမြို့၌ စတင် ကျင်းပမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောရေးဆိုခွင့်ရှိသူက မတ်လ ၂ ရက်မှာ ပြောကြားခဲ့သည်။

နိုင်ငံ တစ်ဝန်းရှိ မတူညီသည့် ကဏ္ဍ အသီးသီးမှ CPPCC ညီလာခံ ကိုယ်စားလှယ် ၂,၀၀၀ ကျော် တက်ရောက်ကာ တိုင်းပြည် ဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သော အဓိက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ကိစ္စရပ်များ ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ ယင်း အစည်းအဝေးမှာ မတ်လ ၁၃ ရက်တွင် ပြီးဆုံးမည် ဖြစ်ကြောင်း ၁၂ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ၏ ၅ ကြိမ်မြောက် အမျိုးသား ကော်မတီ အစည်းအဝေး ပြောရေးဆိုခွင့်ရှိသူ ဝမ်ကော်ချင်း (Wang Guoqing) က ပြောသည်။

အဆိုပါ အစည်းအဝေးတွင် ညီလာခံ ကိုယ်စားလှယ်များ အနေဖြင့် CPPCC အမျိုးသား ကော်မတီ၏ အမြဲတမ်း ကော်မတီ လုပ်ဆောင်ချက် အစီရင်ခံစာ တစ်စောင်နှင့် ပြီးခဲ့သည့် အစည်းအဝေးကတည်းက CPPCC မှ တင်သွင်းထားသည့် အဆိုပြုချက်များအား အမြဲတမ်း ကော်မတီက မည်သို့ ကိုင်တွယ်ထားသည်ဟူသော အစီရင်ခံစာအား ကြားနာ၊ အကြံပြုကြမည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အစည်းအဝေး၌ ညီလာခံ ကိုယ်စားလှယ်များက ဆင်းရဲမွဲတေမှု လျော့ပါးရေး၊ စက်မှုလုပ်ငန်း အသွင်ကူးပြောင်းခြင်း၊ ဆေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြုပြင်ပြောင်းလဲရေး စသည့်အချက်များကို အဓိကထား တင်ပြထားသော အဆိုပြုလွှာ ၅,၇၆၉ ခုအား တင်သွင်းခဲ့ကြောင်း သိရသည်။

ယခု အစည်းအဝေး၌ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက် တစ်ခုကိုလည်း အတည်ပြုနိုင်ဖွယ်ရှိကြောင်း အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။အဆိုပါ ညီလာခံ ကိုယ်စားလှယ်များသည် ၁၂ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ညီလာခံ (National People’s Congress) ၏ ၅ ကြိမ်မြောက် အစည်းအဝေးသို့လည်း မဲပေးခွင့်မရှိသော ပါဝင်သူများအဖြစ် တက်ရောက်ကြမည် ဖြစ်ကြောင်း၊ အစိုးရ လုပ်ဆောင်ချက် အစီရင်ခံစာ ကြားနာခြင်းနှင့် ဆွေးနွေးခြင်း၊ လူထု အခြေပြု ဥပဒေ (Civil Law) ၏ အထွေထွေ ပြဋ္ဌာန်းချက် ဥပဒေ မူကြမ်းအား ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံ ပြည်သူ့ တရားရုံးချုပ်၏ အလုပ် အစီရင်ခံစာနှင့် ပြည်သူ့ ရှေ့နေချုပ်ရုံးတို့မှ အစီရင်ခံစာများအား ကြားနာ ဆွေးနွေးမည် ဖြစ်သည်။

CPPCC သည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် ပါတီစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း တိုင်ပင်မှုများအတွက် အရေးကြီးသော အဖွဲ့အစည်း တစ်ရပ် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.