Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် အယ်လ်ဆာဗေးဒိုးနိုင်ငံ သမ္မတ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်နှင့် အယ်လ်ဆာဗေးဒိုးနိုင်ငံ သမ္မတ နာရစ်ဘူကီလီ တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော အယ်လ်ဆာဗေးဒိုးနိုင်ငံ သမ္မတ နာရစ်ဘူကီလီ(Nayib Bukele)နှင့် ဒီဇင်ဘာ ၃ ရက် က ပေကျင်းမြို့ မဟာပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝန်ကြီးချုပ်လီခဲ့ချန်က တရုတ်နိုင်ငံနှင့် အယ်လ်ဆာဗေးဒိုး နိုင်ငံ သည် သံတမန်ဆက်ဆံရေးတည်ထောင်ခဲ့သည်မှစ၍ နှစ်နိုင်ငံ ဆက်ဆံရေးသည် ရှေ့တိုးဆက်လက် တိုးတက်လျက်ရှိရာ နှစ်နိုင်ငံပြည်သူ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီကာ အပြန်အလှန် အကျိုးဖြစ်ထွန်းရန် အကျိုးရှိစေကြောင်း ၊ တရုတ်နိုင်ငံသည် နိုင်ငံကြီးနိုင်ငံငယ်မရွေးတန်းတူညီမျှရှိခြင်း၊အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်ဆိုင်မှုကို အပြန်အလှန်လေးစားခြင်း ၊ တန်းတူညီမျှ ဆက်ဆံခြင်းနှင့် ပြည်တွင်းရေးကို မစွက်ဖက်ခြင်းတို့ကို အမြဲလက်ကိုင်ထား ကြောင်း ၊ မိမိတို့အနေဖြင့် အယ်လ်ဆာဗေးဒိုး နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူအကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းများကိုထောက်ခံအားပေးပါကြောင်း ၊ နှစ်နိုင်ငံဆက်ဆံရေး၏နိုင်ငံရေးအခြေခံအုတ်မြစ်ကို ကာကွယ်ထိန်းသိမ်းပြီး နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု ခိုင်မာစေရန် ၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားကာ နှစ်နိုင်ငံဆက်ဆံရေး၏လှပသည့်အနာဂတ်ကို ဖော်ဆောင်သွားလိုကြောင်းပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံနှင့် အယ်လ်ဆာဗေးဒိုးနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်ကြရာ ပူးပေါင်းဆောင်ရွက်မှုအလားအလာ များစွာရှိကြောင်း ၊ ဖွံ့ဖြိုးရေးမဟာဗျူဟာများကို နှစ်နိုင်ငံ ချိတ်ဆက်ကာ နောက်တစ်ဆင့် အဓိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ရေးဆွဲသွားမည်ဖြစ်ကြောင်း ၊ ကုန်သွယ်ရေးရင်းနှီးမြုပ်နှံမှု၊ အခြေခံအဆောက်အဦတည်ဆောက်မှု၊ လယ်ယာသစ်တောငါးလုပ်ငန်း စသည့် ကဏ္ဍများတွင် အဓိကပူးပေါင်းဆောင်ရွက် နိုင်ရာ အယ်လ်ဆာဗေးဒိုးနိုင်ငံအနေဖြင့် တရုတ်ကုမ္ပဏီလုပ်ငန်းများ သွားရောက်ရင်းနှီးမြုပ်နှံရန် လွယ်ကူအဆင်ပြေစေရန် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

သမ္မတ နာရစ်ဘူကီလီကလည်း  အယ်လ်ဆာဗေးဒိုးနိုင်ငံနှင့် တရုတ်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ ခြားနေသည့် အိမ်နီးချင်းဖြစ်ရာ နှစ်နိုင်ငံ ပြည်သူ၏ ချစ်ကြည်ရေး နက်ရှိုင်းကြောင်း ၊ သံတမန်ဆက်ဆံရေးထားရှိသည်မှစ၍ နှစ်နိုင်ငံ ဆက်ဆံရေး လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာရာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်များပြားကြောင်း ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ခြင်းသည် အယ်လ်ဆာဗေးဒိုးနိုင်ငံအတွက် အခွင့်အလမ်းများ ပိုမိုဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ တွေ့ဆုံဆွေးနွေးမှုများကို တိုးမြှင့်ဆောင်ရွက်သွာကာ ကုန်သွယ်စီးပွား၊ ရင်းနှီးမြုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး၊ လူမှုယဉ်ကျေးမှုစသည့် ကဏ္ဍအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများကို နီးနီးကပ်ကပ်ဆောင်ရွက်သွားပြီး တရုတ်ကုမ္ပဏီလုပ်ငန်းများ အမေရိကတိုက်သို့ ဝင်ရောက်နိုင်သည့် အကြိုတံခါးပေါက်အဖြစ် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။  (Xinhua)