Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေကျင်းမြို့တွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားချက်များ

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိနေစဉ်အတွင်း ပေကျင်းမြို့၌ သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။ ၎င်းတို့အနက် အချို့ကို ကောက်နုတ်ဖော်ပြလိုက်သည်။

မြစ်ဆုံ စီမံကိန်း
မြစ်ဆုံ စီမံကိန်းအတွက် ကော်မရှင် တစ်ရပ် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်းနှင့် အကောင်းဆုံး အဖြေတစ်ခုအား ကော်မရှင်မှ ရှာဖွေမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

အာဆီယံတွင် မြန်မာ၏ အခန်းကဏ္ဍ
အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်ရသည့်အတွက် ဝမ်းသာမိကြောင်း၊ အာဆီယံကို ပိုမို ထိရောက်မှုရှိသော ဒေသဆိုင်ရာ အဖွဲ့အစည်း တစ်ခု ဖြစ်အောင် ကျွန်မတို့ လုပ်ဆောင်သွားလိုကြောင်း၊ ကျွန်မတို့သည် အဖွဲ့ အစည်း အောက်ရှိ တစ်ခုတည်းသော နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ဒါကြောင့် ကျွန်မတို့၏ ပါဝင်နိုင်မှုသည် နိုင်ငံ တစ်ခု အနေဖြင့် အကန့်အသတ်ရှိသော်လည်းပဲ ကျွန်မတို့၏ အခန်းကဏ္ဍအနေအားဖြင့် အပြည့်အဝ လုပ်ကိုင် နိုင်ဖို့ မျှော်လင့်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့သည်။

မြန်မာ့ စိုက်ပျိုးရေး မဟာဗျူဟာ
မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်း၏ အသက်မွေးဝမ်းကျောင်းသည် စိုက်ပျိုးရေးပေါ်တွင် မှီခိုအားထား နေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးမှုရှိရန် ကျွန်မတို့ လုပ်ဆောင်ရမှာ ဖြစ် ကြောင်း၊ ခေတ်သစ် လယ်ယာစိုက်ပျိုးရေး ကဏ္ဍ တည်ဆောက်ကာ ကမ္ဘာ့ လိုအပ်ချက်များနှင့် ကျွန်မတို့ ပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောသည်။

မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ
ကျွန်မတို့ နိုင်ငံအတွင်းမှာ ကျွန်မတို့ နိုင်ငံသားတွေကိုယ်တိုင် ငြိမ်းချမ်းရေး တည်ဆောက်ရမှာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံတစ်ခု ဖြစ်ပြီး အလွန် အရေးပါတဲ့ နယ်စပ်ချင်း ထိစပ်မှုလည်း ရှိနေကြောင်း၊ အဆိုပါ နယ်စပ်တလျှောက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ရှိနေကြောင်း၊ အိမ်နီးချင်းကောင်း ဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရာတွင် တတ်အားသမျှ လုပ်ဆောင်ပေးမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ သည်။

မြန်မာနိုင်ငံ၏ ဦးစားပေး ကဏ္ဍ
အားလုံးထဲမှာ အရေးကြီးဆုံးက အလုပ်အကိုင် ရရှိရေးပါပဲ။ စွမ်းအင်နှင့် ဆောက်လုပ်ရေး အတွက် အမျိုးသား စီမံကိန်းများ၊ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှုအတွက် နည်းလမ်းသစ်များ ကျွန်မတို့ လိုအပ်ကြောင်း၊ ရေရှည် တည်တံ့ ဖွံ့ဖြိုးမှုကလည်း လိုအပ်ပါကြောင်း၊ သို့သော် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးက ပထမဆုံး လိုအပ်ချက် ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေး မရနိုင်ဘဲ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရနိုင်မည် မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။ (Xinhua)