Connect with us

Politics, Law & Military

ဖိလစ်ပိုင်နိုင်ငံ၏ တောင်းဆိုမှုဖြင့် ဖွဲ့စည်းခဲ့သည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ နိုင်ငံတကာခုံရုံး စီရင်ချက် အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်

တောင်တရုတ်ပင်လယ် တစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၏ တောင်းဆိုမှုဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ နိုင်ငံတကာခုံရုံး၏ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၂ ရက်တွင်ချမှတ်ခဲ့သည့် စီရင်ချက် အပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်ပါအတိုင်းကြေညာချက် ထုတ်ပြန်လိုက်သည်။

၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ချမှတ်ခဲ့သော တောင်တရုတ်ပင်လယ်အရေး စီရင်ချက်မှာ ဖိလစ်ပိုင်နိုင်ငံ၏ တစ်ဖက်သတ်တောင်းဆိုမှုဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော တောင်တရုတ်ပင်လယ်ဆိုင်ရာနိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် အဆိုပါ ခုံရုံးကို အသိအမှတ်ပြုခြင်း (သို့မဟုတ်) လက်ခံခြင်း ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ၎င်းခုံရုံး၏ ဆုံးဖြတ်ချက်သည် ဥပဒေကြောင်းအရာ တရားမဝင် ပျက်ပြယ်ကြောင်း နှင့် ဟာကွက် ရှိနေကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၁ – ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် တရုတ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြားဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်အငြင်းပွားမှု နှင့်ဆက်စပ်ပြီး ဖိလစ်ပိုင်နိုင်ငံက တစ်ဖက်သတ် ခုံရုံးတင်ခဲ့သည်။ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် တရုတ်နိုင်ငံအစိုးရသည် ခုံရုံးတင် အဆုံးအဖြတ်နှင့်ပတ်သက်၍ ပူးပေါင်းပါဝင်မှုများပြုလုပ်မည်မဟုတ်သလို လက်ခံမှုများလည်း ပြုလုပ်မည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ဖိလစ်ပိုင်နိုင်ငံက တင်သွင်းထားသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ခုံရုံးတင် စီရင်မှု ကိစ္စအပေါ် တရုတ်နိုင်ငံ၏ အနေအထား စာတမ်းကို တရုတ်နိုင်ငံအစိုးရက ထုတ်ပြန်ခဲ့သည်။ အဆိုပါ စာတမ်းတွင် ဖိလစ်ပိုင်နိုင်ငံ၏ တောင်တရုတ်ပင်လယ်အရေး ခုံရုံးတင်ရေးကိစ္စသည် တရုတ် နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံအကြား သဘောတူညီချက်များကို ဖောက်ဖျက်ရာရောက်ကြောင်း ၊ ကုလသမဂ္ဂပင်လယ်ဥပဒေသဘောတူညီချက် ( UNCLOS) ကို ချိုးဖောက်ရာရောက်ကြောင်း ၊ နိုင်ငံတကာခုံရုံး ၏ အထွေထွေအလေ့အထကို ဆန့်ကျင်ရာရောက်နေကြောင်း နှင့် ၎င်းခုံရုံးက တရားစီရင်ပိုင်ခွင့် မရှိကြောင်း ဖော်ပြပါရှိသည်။

၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်တွင် ခုံရုံးက ၎င်းတို့တွင် တရားစီရင်ပိုင်ခွင့် နှင့် လက်ခံခွင့်ရှိကြောင်း ကြေညာခဲ့သည်။အဆိုပါ ကြေညာချက်မှာ တရားမဝင်ကြောင်း ၊ ဥပဒေအရ ပျက်ပြယ်ကြောင်း နှင့် အင်အားသုံးဖြေရှင်းမည် မဟုတ်ကြောင်း တရုတ်နိုင်ငံအစိုးရက ချက်ခြင်း တုန့်ပြန်ပြောကြားခဲ့သည်။ထို့ပြင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ရှင်းလင်းကြောင်း နှင့် ခိုင်မာမှု ရှိ ကြောင်း ကြေညာခဲ့သည်။

၂ – ဖိလစ်ပိုင်က တစ်ဖက်သတ် တောင်းဆိုမှုကြောင့် စီရင်ဆုံးဖြတ်ခြင်းသည် ယုံကြည်မှုရှိဖွယ်ရာ မကောင်းသည့် လုပ်ရပ်တစ်ခုဖြစ်သည်။ထိုသို့ခုံရုံးတင် ဆောင်ရွက်ခြင်းသည် တရုတ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံကြား အငြင်းပွားမှုများကို ဖြေရှင်းခြင်း(သို့မဟုတ်) တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးတို့ကို လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိဘဲ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် ရေကြောင်းဆိုင်ရာ အခွင့်အရေးများကို ထိပါးခြင်း ပင်ဖြစ်သည်။

ပထမအချက်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းရှိ အချို့သော ကျွန်းများ နှင့် Nansha ကျွန်းစုရှိ သန္တာကျောက်တန်းများ အပေါ် ၎င်းတို့ပိုင်ဆိုင်ကြောင်း နှင့် တရုတ်နိုင်ငံ နှင့်ဖိလစ်ပိုင် နိုင်ငံအကြား ရေကြောင်းဆိုင်ရာ ပိုင်နက်မျဉ်း ပိုင်းခြားနိုင်ခြင်း မရှိခြင်းတို့သည် ခုံရုံးဖွဲ့ရခြင်း၏ အဓိက အကြောင်းအရာပင်ဖြစ်သည်။ ရေပိုင်နက်ဆိုင်ရာ ကိစ္စရပ်များသည် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်(UNCLOS) ၏ အကြောင်းအရာများ မဟုတ်သည်ကို အပြည့်အဝ သတိပြုသင့်သည်။ တရုတ်နိုင်ငံ၏ ၂ဝဝ၆ ခုနှစ် ကြေညာချက်အရ UNCLOS အငြင်းပွားမှုဆိုင်ရာ ဖြေရှင်းမှု လုပ်ထုံးလုပ်နည်းများမှ ရေပိုင်နက်မျဉ်း သတ်မှတ်မှု အငြင်းပွားခြင်းများကို ဖယ်ထုတ်ထားပြီး ဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံသည် အဆိုပါ ရေပိုင်နက် အငြင်းပွားမှုအား UNCLOS နှင့်ဆက်စပ်နေသည့် ကိစ္စတစ်ခုဖြစ်စေရန် တမင်တကာဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ ခုံရုံးတင် တစ်ဖက်သတ်ဆောင်ရွက်ခြင်းသည် UNCLOS ၏ အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် အငြင်းပွားမှုများအတွက် လုပ်ထုံးလုပ်နည်းများ နှင့် နည်းလမ်းများကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် တရုတ်နိုင်ငံ၏ အခွင့်အရေးကို ထိပါးချိုးဖောက်ခြင်းဖြစ်သည်။

၂ဝဝ၆ ခုနှစ် အစောပိုင်းတွင် ကုလသမဂ္ဂပင်လယ်ဥပဒေသဘောတူညီချက်(UNCLOS) ၏ ပုဒ်မ ၂၉၈ အရ စစ်ရေး နှင့် တရားဥပဒေစိုးမိုးမှုများ ၊ သမိုင်းကြောင်းများ ၊ ရေကြောင်းဆိုင်ရာ ကန့်သတ်ချက်မဲ့မှုများ ၊ အခြားအကြောင်းအရာများ နှင့် UNCLOS အငြင်းပွားမှုများ နှင့် ဆက်နွယ်၍ အတင်းအကြပ်ဖြေရှင်းရမည့် လုပ်ထုံးလုပ်နည်းများကို တရုတ်နိုင်ငံက ရှောင်ရှားခဲ့သည်။ တတိယ အချက်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံ နှင့်ပြုလုပ်ထားသော နှစ်နိုင်ငံသဘောတူညီချက်များကို ချိုးဖောက်ပြီး တစ်ဖက်သတ်ခုံရုံးတင်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ပြီးခဲ့သော နှစ်များတွင် တောင်တရုတ်ပင်လယ်အရေး နှင့်ပတ်သက်၍ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာရန် ထပ်ခါတလဲလဲ အတည်ပြု တိုက်တွန်းခဲ့သည်။ စတုတ္ထအချက်အနေဖြင့် တောင်တရုတ်ပင်လယ်အငြင်းပွားမှုကို သက်ဆိုင်သူများက တွေ့ဆုံဆွေးနွေးခြင်းနည်းဖြင့် ဖြေရှင်းရန် တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာကြေညာစာတမ်း(DOC) ကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်ထားသော်လည်း ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံနိုင်ငံများ နှင့်တရုတ်နိုင်ငံ အပေါ်ထားရှိသော ကတိကဝတ်များကို ချိုးဖောက်ပြီး တစ်ဖက်သတ် ခုံရုံးတင်ခဲ့သည်။ အဆိုပါ တစ်ဖက်သတ်ခုံရုံးဖြင့် ဖိလစ်ပိုင်နိုင်ငံသည် UNCLOS နှင့် အငြင်းပွားမှုဖြေရှင်းရေး လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ရာရောက်ပြီး နိုင်ငံတကာဥပဒေ ၊ စည်းမျဉ်းစည်းကမ်းများ နှင့် “ pacta sunt servanda ” စည်းမျဉ်းများကို ချိုးဖောက်ရာရောက်နေသည်။

၃ – ဖိလစ်ပိုင် နိုင်ငံက တစ်ဖက်သတ် ခုံရုံးတင် ဆောင်ရွက်မှု၏ အဓိက ရည်ရွယ်ချက်က နယ်မြေ အချုပ်အခြာအာဏာ နှင့် ရေကြောင်း နယ်နိမိတ်ကန့်သတ်မှု ဆိုသည့် အချက် ကို လျစ်လျူရှု ရာ ရောက်ခဲ့သည်။ တရုတ် နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံ အတူတကွ အငြင်းပွားမှု ကို ဖြေရှင်းရန် ရွေးချယ်ခဲ့သည့် နည်းလမ်းကိုလည်း မှားယွင်းစွာ အဓိပ္ပါယ် ကောက်ယူခဲ့ကြောင်း ၊ DOC တွင်ပါဝင် ခဲ့သည့် သဘောတူညီထားသော ဥပဒေ ရေးရာ သက်ရောက်မှုကိုလည်း မှားယွင်းစွာ အဓိပ္ပါယ် ကောက်ယူ ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ မှ UNCLOS တွင်ပါဝင်သော ပုဒ်မ ၂၉၈ အရ တရုတ်နိုင်ငံထုတ်ပြန် ခဲ့သော ကြေညာချက် ကို မကောင်းမွန်သည့် သဘောထား ဖြင့်ရှောင်လွှဲ ခဲ့ကြောင်း ၊ ရွေးချယ်မှု ပြုနိုင်သော ပုံစံ မျိုးဖြင့် တောင်တရုတ် ပင်လယ် အတွင်းရှိ ကျွန်းများအား တောင်တရုတ် ပင်လယ် ပထဝီဝင် အနေထား အတွင်းမှ ခွဲထုတ်ပြီး UNCLOS ကို စိတ်ကူးပုံဖော် နားလည်မှုပြုကာ အသုံးပြု ခဲ့ကြောင်း ၊ အမှန်တရား ကို လက်ခံခြင်း နှင့် ဥပဒေ ရေးရာ ဆောင်ရွက်မှု များတွင် ထင်ရှားသော မှားယွင်းမှု များရှိခဲ့ကြောင်း ၊ နိုင်ငံတကာ ခုံရုံး၏ ဆောင်ရွက်မှု များနှင့် ဆုံးဖြတ်မှု များသည် အစဉ်တစိုက် ဆောင်ရွက်ခဲ့သော နိုင်ငံတကာ ခုံရုံး ဆောင်ရွက်မှု များကို ဆိုးရွားစွာ ဆန့်ကျင် ခဲ့ကြောင်း ၊ UNCLOS ၏ ငြိမ်းချမ်းစွာ အငြင်းပွားမှု ကို ဖြေရှင်းရန် တွန်းအားပေး ဆောင်ရွက်သည့် လမ်းကြောင်းမှ သွေဖည်သွားခဲ့ကြောင်း ၊ UNCLOS ၏ စုစည်းမှု နှင့် လုပ်ပိုင်ခွင့်ကိုလည်း ကိုလည်း ဆိုးရွာစွာ ဖျက်စီး ခဲ့ကြောင်း ၊တရုတ်နိုင်ငံ အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ခြင်း နှင့် UNCLOS လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံရရှိသင့်သော တရားဝင် အခွင့်အရေး များကို ဆိုးရွားစွာ ကျူးလွန်ခဲ့ကြောင်း ၊ နိုင်ငံတကာ ခုံရုံး၏ ဆောင်ရွက်မှု များသည် တရားမျှတမှု မရှိဘဲ ဥပဒေနှင့်လည်း မညီကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၄ – နိုင်ငံ တကာခုံရုံး၏ စီရင်ချက်သည် မည်သည့် အခြေအနေတွင် ဖြစ်စေ တရုတ် နိုင်ငံ၏ တောင်တရုတ် ပင်လယ်ရှိ နယ်မြေ အချုပ်အခြာအာဏာ နှင့် ရေကြောင်း ပိုင်ဆိုင်မှု ကို သက်ရောက်မှု မရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံ တကာခုံရုံး ဆုံးဖြတ်ချက်ကို အခြေခံ ထားသည့် မည်သည့် ရပ်တည်မှု နှင့် ဆောင်ရွက်မှု ကိုမဆို ဆန့်ကျင် ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။

၅ – နယ်မြေပိုင်ဆိုင်မှုပြဿနာ နှင့်ပင်လယ်ရေကြောင်းနယ်နိမိတ် အငြင်းပွားမှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ အစိုးရသည် မည်သည့် သက်ဆိုင်မှုမရှိသည့် တတိယအဖွဲ့အစည်း၏ ကြားဝင်ဖြေရှင်းခြင်းကိုမဆို လုံးဝလက်မခံနိုင်ကြောင်း၊ တရုတ်နိုင်ငံ အပေါ် ဖိအားပေး ဆောင်ရွက်သည့် မည်သည့်ဖြေရှင်းမှုအဆိုပြုချက်မဆို လုံးဝလက်မခံနိုင်ကြောင်း တရုတ်နိုင်ငံအစိုးရသည် ထပ်တစ်လဲလဲ ပြောကြားပြီးဖြစ်သည်။ တရုတ်အစိုးရအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်တွင် အသိအမှတ်ပြုခဲ့သော အပြည်ပြည်ဆိုင်ရာဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာဆက်ဆံရေး အခြေခံစံထားချက်များကို ဆက်လက်လိုက်နာမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော် အချုပ်အခြာ အာဏာပိုင်မှုနှင့် ပိုင်နက်နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစား၍ ငြိမ်းချမ်းစွာအငြင်းပွားမှု ဖြေရှင်းရေးမူဝါဒကိုလည်း လိုက်နာမည်ဖြစ်ကြောင်း၊ သမိုင်းဖြစ်ရပ်မှန်လေးစားမှုကို အခြေပြု၍ အပြည်ပြည်ဆိုင်ရာဥပဒေအရ သက်ဆိုင်ရာနိုင်ငံနှင့် ညှိနှိုင်းဆွေးနွေး၍ တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို ဖြေရှင်းမည်ဖြစ်ကြောင်း၊ တောင်တရုတ် ပင်လယ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။(ဆင်ဟွာ)