Connect with us

Politics, Law & Military

ဟောင်ကောင်ကို စွက်ဖက်သည့် အမေရိကန်၏အဆိုပြုချက်မှာ အသုံးမဝင်သည့် စက္ကူတစ်ရွက်သာဖြစ်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ဇွန် ၂၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

 ပေကျင်း၊ ဇွန် ၃၀ ရက်(ဆင်ဟွာ)

ဟောင်ကောင်ဒေသ မတည်မငြိမ်ကွဲပြဲအောင် လုပ်ဆောင်နေသည့် အင်အားစုများ မည်သို့ပင် ကြွေးကြော်နေပါစေ၊ ပြည်ပအင်အားစုအနေဖြင့်မည်သို့ပင် ဖိအားပေးပါစေ   တရုတ်နိုင်ငံ၏ ဟောင်ကောင်အမျိုးသားလုံခြုံရေး ဥပဒေပြဋ္ဌာန်းသည့် ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်ကို တားဆီး၍ရမည် မဟုတ်ကြောင်း ၊ ၎င်းတို့၏အကြံအစည်သည် မုချရှုံးနိမ့်မည်သာဖြစ်ပြီး ၎င်းတို့၏ဟောင်ကောင်အရေးစွက်ဖက်သည့် အဆိုပြုချက်သည်လည်း အသုံးမဝင်သည့် စက္ကူတစ်ရွက်သာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇွန် ၂၉ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့်ရက်များက အမေရိကန် ဆီးနိတ်လွှတ်တော်တွင် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဥပဒေနှင့် ဟောင်ကောင်အရေးစွက်ဖက်သည့် ဆုံးဖြတ်ချက်တင်သွင်းမှုအား အတည်ပြုခဲ့ခြင်းအပေါ် သတင်းထောက်၏မေးမြန်းချက်ကို  ကျောက်လိကျန်းက အထက်ပါအတိုင်း တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အမေရိကန်လွှတ်တော်အနေနှင့် တရုတ်နိုင်ငံ၏ လေးနက်ခိုင်မာသည့် ရပ်တည်ချက်ကို မျက်ကွယ်ပြုကာ ဟောင်ကောင်အရေးစွက်ဖက်သည့် အပျက်သဘော အဆိုပြုချက်ကို အတည်ပြုခဲ့ကြောင်း၊ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းချက်ကို သွားပုတ်လေလွင့် ပုတ်ခတ်ခြင်း၊ ဟောင်ကောင်ရေးရာနှင့်တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဆိုးဝါးစွာ စွက်ဖက်ခြင်း၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစည်းမျဉ်းကို ချိုးဖောက်ခြင်းကို တရုတ်နိုင်ငံက ခိုင်မာစွာဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ဖြေရှင်းရန် တောင်းဆိုထားပြီးဖြစ်ကြောင်း   ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာ၊လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်သည့် ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသည် ဟောင်ကောင်ဒေသ၏ ရေရှည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏အာမခံချက်ဖြစ်သလို “တစ်နိုင်ငံစနစ်နှစ်ခု” ကို ရေရှည်တည်ငြိမ်စွာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့် အာမခံချက်ဖြစ်ကြောင်း  ကျောက်လိကျန်းက ဆိုသည်။

ဟောင်ကောင်အရေးသည် တရုတ်နိုင်ငံ၏ပြည်တွင်းရေးဖြစ်ပြီး မည်သည့် ပြည်ပနိုင်ငံကမျှ  စွက်ဖက်ခွင့်မရှိကြောင်း၊ တရုတ်နိုင်ငံအစိုးရ၏ အချုပ်အခြာအာဏာ၊လုံခြုံရေး၊ဖွံ့ဖြိုးတိုးတက်ရေး  အကျိုးစီးပွားကို ကာကွယ်သည့် သန္နိဋ္ဌာန်သည် မပြောင်းမလဲတည်တံ့ခိုင်မြဲလျက်ရှိသလို တစ်နိုင်ငံစနစ်နှစ်ခုအကောင်အထည်ဖော်ကျင့်သုံးမည့် ဆုံးဖြတ်ချက်နှင့် ဟောင်ကောင်အရေးကို စွက်ဖက်သည့် မည်သည့်ပြည်ပအင်အားစုကိုမဆို ဆန့်ကျင်မည့် ဆုံးဖြတ်ချက်သည်လည်း မပြောင်းမလဲ ခိုင်မာလျက်ရှိကြောင်း ၎င်းက ဆိုသည်။ 

 “အမေရိကန်က အခြေအနေအမှန်ကို ရှင်းလင်းစွာသိမြင်ဖို့ ၊ ဟောင်ကောင်အရေးနဲ့တရုတ်နိုင်ငံပြည်တွင်းရေးကို စွက်ဖက်တဲ့ ဘယ်လို လုပ်ဆောင်မှုမျိုးကိုမဆို ချက်ချင်းရပ်တန့်ဖို၊ ဟောင်ကောင်အရေး အပျက်သဘောအဆိုပြုချက်ကို ဆက်လက် ရှေ့တိုးဆောင်ရွက်ခြင်းမပြုဖို့နဲ့ ဒါတွေကို အကြောင်းပြက တရုတ်နိုင်ငံကို ပိတ်ဆို့မှုတွေမလုပ်ဖို့ ကျွန်တော်တို့အနေနဲ့တိုက်တွန်းပါတယ်။ ဒီလိုမှမဟုတ်ရင် တရုတ်နိုင်ငံက ပြင်းထန်ထိရောက်တဲ့ တုံ့ပြန်မှုနဲ့ ပြန်လည်ပိတ်ဆို့မှုကို ဆောင်ရွက်သွားမှာဖြစ်ပြီး ရရှိလာမယ့် ဆိုးကျိုးရလဒ်တွေကို အမေရိကန်အနေနဲ့ တာဝန်ယူသွားရမှာဖြစ်ပါတယ်။ ”ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)