Connect with us

Politics, Law & Military

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွား၊ လူ ၁၂ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်တွင် အရေးပေါ်လူနာတင်ယာဉ်တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ အမြန်လမ်းတွင် ဇွန် ၁၇ ရက် က ယာဉ်မတော်တဆမှု ဖြစ်ပွားရာ လူ ၁၂ ဦးသေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ရပ်မှာ ဇွန် ၁၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ဂျာကာတာမြို့မှ အနောက် ဂျာဗားပြည်နယ် ဆရီဘွန်မြို့သို့ မောင်းနှင်လာသော ဘတ်စ်ကား တစ်စီးသည် ယာဉ်လမ်းစည်းခြား အကာကို ဖြတ်တိုက်ကာ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော အိမ်စီးကားနှစ်စီးနှင့် ထရပ်ကားတစ်စီးကို ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း အနောက်ဂျာဗားပြည်နယ် ရဲဘက်ဆိုင်ရာက ကြေညာချက်ထုတ်ပြန်ခဲ့ သည်။

ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ဘတ်စ်ကားပေါ်တွင် ခရီးသည်မည်မျှတင်ဆောင်လာသည်ကို အတိအကျမသိရကြောင်း သိရသည်။ အင်ဒိုနီးရှားမီဒီယာများ၏ သတင်းများအရ အချင်းဖြစ်နေရာ တွင် လူ ၁၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို လူ ၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရသူများအနက် ၁၀ ဦး တွင် ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ ဒဏ်ရာရသူများကို ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။

အချင်းဖြစ်ပွားမှုမှာ ယာဉ်မောင်း ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြစ်နိုင်ကြောင်း ရဲဘက်ဆိုင်ရာ သတင်းများ အရ သိရသည်။ အသေးစိတ်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)