Connect with us

Politics, Law & Military

(၁၅)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် တက်ရောက်ဆွေးနွေး

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော (၁၅)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ နိုဝင်ဘာ ၁၄ ရက် ညပိုင်းက ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် ပါဝင်တက်ရောက်စဉ် (Xinhua/Zhang Ling)

ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်သည် (၁၅)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ နိုဝင်ဘာ ၁၄ ရက် ညပိုင်းက ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်မှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗွီဒီယို ကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသော အဆိုပါအစည်းအဝေးကို အာဆီယံ(၁၀)နိုင်ငံ ခေါင်းဆောင်များနှင့်အတူ ရုရှားနိုင်ငံသမ္မတ ပူတင်၊ တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်း ၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါ၊ ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် စကော့ မောရစ်ဆန်(Scott Morrison)၊ နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် အာဒန်(Jacinda Ardern)၊ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar၊ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ် အိုဘရီယန်(Robert C. O’Brien)တို့ တက်ရောက်ခဲ့ကြပြီး ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် ငုယင်စွမ်းဖုက အစည်းအဝေးသဘာပတိအဖြစ် တာဝန်ယူ ကျင်းပခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော (၁၅)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ နိုဝင်ဘာ ၁၄ ရက် ညပိုင်းက ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် ပါဝင်တက်ရောက်စဉ် (Xinhua/Zhang Ling)

အစည်းအဝေးတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က လက်ရှိနိုင်ငံတကာဒေသအခြေအနေ လျင်မြန်စွာ ပြောင်းလဲလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကမ္ဘာလုံးတွင် ကူးစက်ပြန့်နှံ့နေဆဲဖြစ်ပြီး ကမ္ဘာစီးပွားရေးကို ဆိုးဝါးစွာရိုက်ခတ်လျက်ရှိကြောင်း ၊ ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ် အခက်တွေ့လျက်ရှိသလို ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအကျပ်အတည်းများ တစ်နေ့ထက်တစ်နေ့ပို၍ ပေါ်လွင်လာရာ တူညီသော ဘုံစိန်ခေါ်မှု များစွာကို နိုင်ငံအသီးသီး၌ ရင်ဆိုင်နေရကြောင်း ၊တစ်ချိန်တည်းတွင်ပင် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဖြင့် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး ဆောင်ရွက်ခြင်းသည် နိုင်ငံအသီးသီး၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီသလို လူအများ၏ဆန္ဒ တိုးတက်မှုလားရာဖြစ်ရာ စည်းလုံးညီညွတ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဦးတည်ဆောင်ရွက်ပြီး ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အခက်အခဲများကို လက်တွဲဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့သည်။

အရှေ့အာရှ ထိပ်သီး အစည်းအဝေးကျင်းပခဲ့သည့် ၁၅ နှစ်ကြာကာလတွင် အာဆီယံကို အစဉ်အမြဲဗဟိုထားခြင်း၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုခြင်း၊ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်းစသည့် အခြေခံမူများကို ခိုင်မြဲစွာ လက်ကိုင်ထား၍ နိုင်ငံရေးလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချိန်ညှိ တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း ၊ အခြေအနေသစ်တွင် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသည် အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းရာ၌ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်သင့်ကြောင်း လီခဲ့ချန်က ဆိုသည်။ ထို့အတွက် တရုတ်နိုင်ငံမှ အောက်ပါအကြံပြုချက်များကို ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော (၁၅)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ နိုဝင်ဘာ ၁၄ ရက် ညပိုင်းက ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် ပါဝင်တက်ရောက်စဉ် (Xinhua/Zhang Ling)

(၁) စည်းလုံးညီညွတ်စွာ ကပ်ရောဂါကို တိုက်ဖျက်၍ ပြည်သူ့ကျန်းရေးစောင့်ရှောက်မှုစွမ်းရည်ကို တိုးမြှင့်ကြရမည် ဖြစ်ပါသည်။ ကပ်ရောဂါပြန့်ပွါးမှု တားဆီးကာကွယ်သည့် အုတ်တံတိုင်းကို သိပ္ပံနည်းကျ တည်ဆောက်ကြရမည် ဖြစ်ပြီး ကာကွယ်ဆေးသုတေသပြုထုတ်လုပ်ခြင်း ၊ဝယ်ယူခြင်း၊ ထုတ်လုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ဆေး အများလက်လှမ်းမီလက်ခံနိုင်အောင် အကျိုးပြု ဆောင်ရွက်ကြရမည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် “New Coronary Pneumonia Vaccine Implementation Plan”တွင် ပါဝင်ပြီးဖြစ်ကြောင်း အာဆီယံတွင် အရေးပေါ် ဆေးကုသရေးပစ္စည်းဂိုဒေါင်တည်ဆောက်ရန် အားပေးထောက်ခံကြောင်း ဆိုသည်။

(၂) မူဝါဒ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ကာ စီးပွားရေးပြန်လည်နိုးထလာစေမည့် စုပေါင်း အင်အားကို တည်ဆောက်ရမည်ဖြစ်သည်။ လူဝင်ထွက်သွားလာနိုင်ရန် အမြန်လမ်းကြောင်း နှင့် ကုန်ပစ္စည်းထောက်ပို့ရန် အစိမ်းရောင် လမ်းကြောင်း ကွန်ရက်ကို တည်ဆောက်၍ စက်မှုလုပ်ငန်းထောက်ပို့ရေးကို တည်ငြိမ်ချောမွေ့အောင် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်သည်။ လွတ်လပ်သောကုန်သွယ်ရေးနှင့် ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကို ခိုင်မာစွာထိန်းသိမ်းကာကွယ်ရမည်ဖြစ်ပြီး ဒေသတွင်းဘက်စုံစီးပွား မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ဖြင့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြုပ်နှံမှုများကို အဆင်ပြေလွတ်လပ်လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော (၁၅)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ နိုဝင်ဘာ ၁၄ ရက် ညပိုင်းက ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် ပါဝင်တက်ရောက်စဉ် (Xinhua/Liu Weibing)

(၃) လက်တွေ့အကောင်အထည်ဖော်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စွမ်းရည်ကို ထပ်လောင်းအားဖြည့်ရမည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်၊ ပညာရေး၊ ဘဏ္ဍာရေး စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သလို ရာသီဥတုပြောင်းလဲမှု၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်မှု၊ ဆိုက်ဘာလုံခြုံရေးစသည့် သမာရိုးကျ မဟုတ်သော လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို ပို၍ အားထုတ်ဆောင်ရွက်သွားမည် ဖြစ်သည်။

အရှေ့အာရှ ဖွံဖြိုးတိုးတက်စည်ပင်ဝပျောရေးသည် တောင်တရုတ်ပင်လယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ကင်းကွာ၍ မရကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဆိုသည်။ ယခုနှစ်ပိုင်းများတွင် တောင်တရုတ်ပင်လယ်သည် ဒေသတွင်းနိုင်ငံများ ကုန်သွယ်စီးပွား ဆက်သွယ်သွားလာရာနှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်း သယ်ယူပို့ဆောင်ရာ အဓိက လမ်းကြောင်းအနေဖြင့် အစဉ် အဆင်ပြေချောမွေ့လုံခြုံမြန်ဆန်မှုရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းမည့် သန္နိဋ္ဌာန်သည် ခိုင်မာ၍ပြောင်းလဲမည် မဟုတ်ကြောင်း ၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းကာကွယ် တိုးမြှင့်ဆောင်ရွက်သွားကာ မပြောင်းမလဲ အာဆီယံနိုင်ငံများနှင့်အတူ တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း(DOC)ကို ဘက်စုံ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်(COC)ဆွေးနွေးညှိနှိုင်းမှုများကို ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘက်ပေါင်းစုံအနေဖြင့် ဒေသတွင်းနိုင်ငံများ၏ တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းရေးအတွက် အားထုတ် ဆောင်ရွက်မှုများကို လေးစားကာ တောင်တရုတ်ပင်လယ်ကို ငြိမ်းချမ်းသည့်ပင်လယ်၊ ချစ်ကြည်ရေးပင်လယ်၊ ပူးပေါင်းဆောင်ရွက်မှုရှိသည့် ပင်လယ်အဖြစ် အတူတည်ဆောက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ပါဝင်တက်ရောက်ကြသော နိုင်ငံအသီးသီးရှိ ခေါင်းဆောင်များက နိုင်ငံခေါင်းဆောင်များ မဟာဗျူဟာဆွေးနွေးပွဲဖြစ်သည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကျင်းပခဲ့သည် ၁၅ နှစ် ကြာ ကာလတွင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ တွန်းအားဖြစ်စေခဲ့ကြောင်း ဆိုသည်။

လက်ရှိ ကပ်ရောဂါသည် တစ်ကမ္ဘာလုံး၏ ဆိုးဝါးသည့် စိန်ခေါ်မှုဖြစ်ရာ ဘက်ပေါင်းစုံအနေဖြင့် တစ်လှေတည်းစီး၊တစ်ခရီးတည်းသွားကာ စည်းလုံးညီညွတ်စွာ ကပ်ရောဂါကို ပူးပေါင်းတိုက်ဖျက်သင့်ကြောင်း၊ ကာကွယ်ဆေးအား တရားမျှတမှုနှင့်လက်လှမ်းမီလက်ခံနိုင်မှုရှိစေရန် ထိရောက်သည့်နည်းလမ်းများဖြင့် အာမခံမှုရှိအောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသတွင်းနိုင်ငံများ၏ အပြောင်းအလဲရှိသည့် ပြည်သူကျန်းမာရေးလုံခြုံမှုကို တိုးမြှင့်ရမည်ဖြစ်ကြောင်း နိုင်ငံအသီးသီးခေါင်းဆောင်များ ပြောကြားခဲ့ကြသည်။

ဘက်ပေါင်းစုံဝါဒကို အားလုံး ခိုင်မာစွာလက်ကိုင်ထားသင့်ကြောင်း၊ အာဆီယံဗဟိုပြုရပ်တည်ချက်ကို ထောက်ခံအားပေးသင့်ကြောင်းနှင့် ဆွေးနွေးမှုများကို တိုးမြှင့်သင့်ကြောင်း ပြောကြားခဲ့ကြသည်။ ကပ်ရောဂါ ဂယက် စီးပွားရေးအပေါ် ရိုက်ခတ်မှုကို ဖြေလျော့ရန် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးအား တိုးမြှင့်ဆောင်ရွက်ခြင်း၊ စက်မှုလုပ်ငန်းထောက်ပို့မှုကွင်းဆက် အဆင်ချောမွေ့အောင်ဆောင်ရွက်ခြင်းဖြင့် မိုက်ခရိုစီးပွားရေး၊ ဘဏ္ဍာရေး တည်ငြိမ်မှုရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အပြန်အလှန်ချိတ်ဆက်မှုများကို မြှင့်တင်ကာ ကပ်ရောဂါနောက်ပိုင်း စီးပွားရေးပြန်လည်နိုးထမှုဖြစ်စဉ်ကို တွန်းအားပေးခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ကြရန် ပြောကြားခဲ့ကြသည်။ အစည်းအဝေးတွင် ဒေသစီးပွား တည်ငြိမ်တိုးတက်ရေးဆိုင်ရာ အရှေ့အာရှ ထိပ်သီးအစည်းအဝေး နိုင်ငံခေါင်းဆောင်များ ကြေညာချက်အား အတည်ပြုခဲ့ကြကြောင်း သိရသည်။ အဆိုပါအစည်းအဝေးအား တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.