Connect with us

Politics, Law & Military

ကမ္ဘာလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးတွင် အောင်မြင်မှုရရှိရန် “တရုတ်-ပြင်သစ် ပါဝင်ဆောင်ရွက်မှုများ” အပေါ် သမ္မတ ရှီကျင့်ဖိန် ပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် ပြင်သစ်နိုင်ငံ သမ္မတ Emmanuel Macron တို့ ၂၀၁၉ ခုနှစ်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် COVID-19 တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ တိုက်ပွဲတွင် အောင်မြင်မှုရရှိရန် “တရုတ်-ပြင်သစ် ပါဝင်ဆောင်ရွက်မှုများ” အတွက် ဇွန် ၅ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် လက်ချင်းတွဲကာ နိုင်ငံတကာအသိုင်းအဝိုင်းကို စဉ်ဆက်မပြတ် ထောက်ခံသွားရန် လိုအပ်ကြောင်း သမ္မတ ရှီက ပြင်သစ်နိုင်ငံ သမ္မတ Emmanuel Macron နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်စကားပြောစဉ်အတွင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် COVID-19 ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက အဆင့်မြင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို ထိန်းသိမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကမ္ဘာတစ်ဝန်း ထိရောက်စွာ ထိန်းသိမ်းနိုင်ခြင်းမရှိသေးကြောင်း၊ စည်းစည်းလုံးလုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကသာ ရှေ့ဆက်ဆောင်ရွက်ရမည့် နည်းလမ်းမှန်ဖြစ်ကြောင်း သမ္မတ ရှီက အလေးထားပြောကြားခဲ့သည်။

ထို့ပြင် ရှီက နှစ်နိုင်ငံလုံးအနေဖြင့် ပူးတွဲသုတေသနပြုမှုကို မြှင့်တင်ရန်၊ ကာကွယ်ဆေးနှင့် ဆေးဝါး သုတေသနပြုမှုနှင့် ဖော်ထုတ်မှုတို့တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံရန် လုပ်ဆောင်သွားသင့်ကြောင်း၊ ၇၃ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ရရှိခဲ့သော သဘောတူညီချက်ကို အကောင်အထည်ဖော်ရေး ကြိုးပမ်းအားထုတ်မှုများ တိုးမြှင့်ဆောင်ရွက်သွားသင့်ကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ထောက်ခံမှု တိုးမြှင့်သင့်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နှင့် ပြင်သစ် နှစ်နိုင်ငံအနေဖြင့် တရုတ်၊ ပြင်သစ်နှင့် အာဖရိက နိုင်ငံများအကြား COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်သွားသင့်ကြောင်းနှင့် ကူးစက်ရောဂါ တိုက်ဖျက်လျက်ရှိသော အာဖရိကကဲ့သို့ မဖွံ့ဖြိုးသေးသည့်ဒေသများရှိ နိုင်ငံများကို ထောက်ပံ့သင့်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် ကပ်ရောဂါအလွန် အနာဂတ်ကို ဂရုပြုသင့်ကြောင်း၊ နောက်ပိုင်းတွင် အဆင့်အားလုံး၌ ဖလှယ်မှုများအတွက် စီမံကိန်းတစ်ခု ရေးဆွဲသင့်ကြောင်းနှင့် အမြော်အမြင်ရှိရှိ၊ အစီစဉ်တကျနှင့် ပျော့ပြောင်းသော ဆွေးနွေးမှုနှင့် ဖလှယ်မှုများ လုပ်ဆောင်သွားသင့်ကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် ကပ်ရောဂါအလွန် နာလန်ပြန်ထူရေးအတွက် မက်ခရိုစီးပွားရေးမူဝါဒကို ခိုင်ခိုင်မာမာ ညှိနှိုင်း ချိန်ညှိသွားသင့်ကြောင်း၊ ရှိနှင့်ပြီးသား ပုံမှန်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဖော်ထုတ်သွားသင့်ကြောင်းနှင့် ပေါ်ထွန်းစကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သင့်ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဈေးကွက်ကို ပြင်သစ်နိုင်ငံအတွက် ဖွင့်လှစ်ထားပါကြောင်း၊ ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ စီးပွားရေးကိစ္စခရီးစဉ်များ လွယ်ကူစွာ အလျင်အမြန်ဆောင်ရွက်မှု အစီအမံကို အပြည့်အဝအသုံးပြုကာ တရုတ်တွင် ပြင်သစ်စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရေးအတွက် အကူအညီဖြစ်စေပြီး တစ်ချိန်တည်းမှာပင် တရုတ်ကုမ္ပဏီများအတွက် မျှတပြီး ခွဲခြားမှုမရှိသော စီးပွားရေးဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ရန် မျှော်လင့်ကြောင်း ရှီက ဆိုသည်။ 

ထို့ပြင် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့သည် ဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက်များဖြစ်ပြီး ကျယ်ပြန့်သော ဘုံအကျိုးစီးပွားများကို မျှဝေလျက်ရှိကြောင်း ရှီက ပြောခဲ့သည်။  (Xinhua)