Connect with us

Politics, Law & Military

G20 ထိပ်သီးအစည်းအဝေး အကြို တရုတ်သမ္မတ နှင့် အာဂျင်တီးနား သမ္မတတို့တွေ့ဆုံ

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့်အာဂျင်တီးနား နိုင်ငံသမ္မတ Mauricio Macri တို့အားအတူတကွတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟန်ကျိုး၊စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် G20 ထိပ်သီးအစည်းအဝေး မတိုင်မီ အကြိုတွေ့ဆုံမှုတစ်ရပ်အဖြစ် အာဂျင်တီးနားနိုင်ငံသမ္မတ Mauricio Macri အား စက်တင်ဘာလ ၃ ရက်တွင် တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ကျိုးမြို့၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်နိုင်ငံသမ္မတ ရှီက တရုတ် နှင့် အာဂျင်တီးနား နှစ်နိုင်ငံသည် ထွန်းသစ်စ ဈေးကွက်စီးပွားရေးများ နှစ်နိုင်ငံဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးရှိသော နိုင်ငံများဖြစ်ပြီး ဘုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းရှာဖွေရန် နှင့် နှစ်ဖက်အပြန်အလှန် ပူးပေါင်းဖလှယ်၍ စိန်ခေါ်မှုများကို ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ရှီက နှစ်နိုင်ငံအကြား ဘဏ္ဍာရေး ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် တွန်းအားပေးလုပ်ဆောင်သွားရန် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး အရှိန်အဟုန်ကို အားရကျေနပ်မှုရှိပြီး ယခုထက်ဆက်ဆံရေးပိုမိုတိုးတက်စေရန် နှစ်နိုင်ငံ အတူတကွ လုပ်ဆောင်သွားလိုကြောင်း ရှီက ဆိုသည်။
အခွင့်အရေးများ နှင့် လိုအပ်ချက်များအတွက် တစ်ဖက်နှင့်တစ်ဖက် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ နှင့် ဆက်သွယ်ရေး မူဝါဒ ရှိသင့်ကြောင်း ရှီက ပြောသည်။ နှစ်နိုင်ငံစလုံးအနေဖြင့် တည်ငြိမ်ပြီး ဟန်ချက်ညီသော ကုန်သွယ်ရေးဖြစ်ပေါ်လာစေရန် အကောင်းဆုံးကုန်သွယ်မှုဆိုင်ရာပုံစံ နှင့် ကုန်သွယ်ရေးချောမွေ့လွယ်ကူစေရန် မြှင့်တင်ဆောင်ရွက်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နှင့် အာဂျင်တီးနား နိုင်ငံတို့အကြား သဘောတူညီမှုထားရှိခဲ့သည့် ရထားပို့ဆောင်ရေး ၊ ရေအားလျှပ်စစ် နှင့် နျူးကလီးယားစွမ်းအင် စီမံကိန်းများဆိုင်ရာ ကိစ္စရပ်များကို အပြည့်အဝအကောင်အထည်ဖော်သင့်ကြောင်း နှင့်အနာဂတ် ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးများ ဆွေးနွေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။
၂ဝ၁၇ ခုနှစ် တွင် ကျရောက်မည့် ၄၅ နှစ်မြောက် တရုတ်-အာဂျင်တီးနား သံတမန်ဆက်ဆံရေးကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှု ၊ သိပ္ပံ နှင့် နည်းပညာ ၊ ခရီးသွားလုပ်ငန်း နှင့် ဘောလုံး အားကစားနည်းများတွင် အပြန်အလှန် ပူးပေါင်းဖလှယ်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် ရှီက တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေး နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်များတွင် အာဂျင်တီးနားနိုင်ငံနှင့် အနီးကပ် ဆက်သွယ်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ရှီက ပြောသည်။
အာဂျင်တီးနားနိုင်ငံ သမ္မတ Macri က တရုတ်နိုင်ငံနှင့်လေးနက်ခိုင်မာသည် ဆက်ဆံရေးရှိပါကြောင်း နှင့် ခရီးသွားလုပ်ငန်း ၊ အခြေခံအဆောက်အအုံတည်ဆောက်ခြင်း ၊ အရည်အသွေးထိန်းချုပ်ခြင်း ၊ရင်းနှီးမြှုပ်နှံမှု ၊ စီးပွားရေး နှင့် ကုန်သွယ်ရေး ၊ စွမ်းအင် စသည့် ကဏ္ဍမျိုးစုံတွင် တရုတ်နိုင်ငံနှင့် တွန်းအားပေး ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ဆိုသည်။
ထို့ပြင် ကမ္ဘာ့အရေးအခင်းများတွင် အာဂျင်တီးနားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အနီးကပ် ပူးပေါင်းဆက်သွယ် လုပ်ဆောင်သွားရန် အသင့်ရှိပါကြောင်း နှင့် ဟန်ကျိုးမြို့၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်အောင်မြင်စွာကျင်းပနိုင်ရန် အာဂျင်တီးနားက အပြည့်အဝထောက်ခံပါကြောင်း Macri က ဆက်လက်ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.