Connect with us

Social, Education & Health

“စုစည်းမှု ၊ ညှိနှိုင်းမှုဖြင့် တုံ့ပြန်ခြင်း” ဟူသော စုပေါင်းနည်းလမ်းဖြင့် တရုတ်နိုင်ငံက ကပ်ရောဂါကို တိုက်ဖျက်နိုင်ခဲ့

တရုတ်နိုင်ငံ COVID-19 တိုက်ဖျက်ရေး၏ အဓိကသော့ချက်တစ်ခုဖြစ်သော “ စုစည်းမှု ၊ ညှိနှိုင်းမှုဖြင့် တုံ့ပြန်ခြင်း” ဖော်ညွှန်းသည့်ဓာတ်ပုံအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၃ရက် (ဆင်ဟွာ)

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) သည် နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်တွင် ခြေကုပ်ယူခဲ့ပြီးဖြစ်ရာ ကူးစက်ရောဂါ၏ ခြိမ်းခြောက်မှုသည် အမှန်စင်စစ် ရောက်ရှိလို့ လာခဲ့ပါပြီ။ ၎င်းသည် ကပ်ရောဂါတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သော်လည်း ထိန်းချုပ်၍ ရနိုင်ပါသည်။

မေးစရာရှိသည်မှာ COVID-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ကွဲပြားခြားနားသော နိုင်ငံအသီးသီးက ကမ္ဘာ့အဆင့် မည်သို့မည်ပုံ တုံ့ပြန်ကိုင်တွယ်ဖြေရှင်းသွားမည်နည်းဟူသော မေးခွန်းတစ်ခုပင်ဖြစ်သည်။တရုတ်နိုင်ငံအနေဖြင့် ရောဂါတိုက်ဖျက်ရေး နှင့်ထိန်းချုပ်ရေးတွင် အောင်ပွဲရသည်အထိ ဆက်လက်လုပ်ဆောင်သွားရန် သန္နိဌာန်ချမှတ်ခဲ့ပြီး အပြင်းအထန် အားထုတ်ကြိုးပမ်းခဲ့ရာ ၎င်း၏ ထိရောက်သော အကျိုးသက်ရောက်မှုအပေါ် တစ်ကမ္ဘာလုံးက အလေးထားစရာ ပို၍ပို၍ ရရှိလာခဲ့သည်။ 

ယင်းအား လက်တွေ့ကျကျသုံးသပ်လေ့လာပါက တရုတ်နိုင်ငံအနေဖြင့် ကြိုတင်ကာကွယ်မှု ၊ ပါတီဦးဆောင်မှု ၊ ပြည်သူတို့၏ ပူးပေါင်းပါဝင်မှု ၊ တံခါးဖွင့်မှု နှင့် ပွင့်လင်းမြင်သာမှု ၊ သိပ္ပံ နှင့် နည်းပညာ ၊ စောလျင်စွာ ကုသမှု ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ပူးပေါင်းဆောင်ရွက်မှု ၊ ဦးတည်ချက်ထား၍ လျင်လျင်မြန်မြန်ချဉ်းကပ်ဆောင်ရွက်မှုများကြောင့် အောင်ပွဲရရှိခဲ့သည်ဟု ဆိုရပေမည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် ဝူဟန့်မြို့ရှိ ဟော်ဆန်ဆန်း ဆေးရုံသို့ မတ် ၁၀ ရက်က သွားရောက်စစ်ဆေးစဉ်(ဆင်ဟွာ)

ပါတီဦးဆောင်မှု

တရုတ်နိုင်ငံအတွက်မူ  COVID-19 ကူးစက်ရောဂါကို အဓိက ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်  လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်ခဲ့သည်။ မမြင်ရသောရန်သူကို တိုက်ဖျက်နိုင်ရန်မှာ တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ခိုင်မာသော ဦးဆောင်မှုမရှိဘဲ လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ပေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အကြီးအကဲ Tedros Adhanom က နိုင်ငံတိုင်းတွင် နိုင်ငံရေးကတိကဝတ် လိုအပ်ပြီး အစိုးရအဖွဲ့အားလုံး နှင့် လူမှုအသိုက်အဝန်းအားလုံးအနေဖြင့် ယင်းကို လက်ခံကျင့်သုံးသင့်ကြောင်း မှတ်ချက်ပြုခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ စည်းလုံးညီညွတ်မှု နှင့် ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် ကပ်ရောဂါတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ဗဟိုဦးဆောင်အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ဗဟိုလမ်းညွှန်ချက်ပေးသော အဖွဲ့များစေလွှတ်ခြင်း နှင့် နိုင်ငံတော်ကောင်စီ၏ လုပ်ငန်းအဖွဲ့အကြား အပြည့်အဝ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဖော်ဆောင်ခဲ့သည်။ ဘုံခြိမ်းခြောက်မှုအား ရင်ဆိုင်ရာတွင် စုပေါင်းအင်အားဖြင့် တုံ့ပြန်ဆောင်ရွက်ရန် ခိုင်မာသောသန္နိဌာန်တစ်ခုကို ချမှတ်ရင်း တရုတ်ပြည်သူတစ်ရပ်လုံးနှင့်အတူ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရန် အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့သလို အစိုးရ၏ လမ်းညွှန်ချက်ကို တစ်နိုင်ငံလုံးက လိုက်နာဆောင်ရွက်ခဲ့သည်။ 

“စုစည်းမှု၊ ညှိနှိုင်းမှုဖြင့် တုံ့ပြန်ခြင်း” ဟူ၍ တရုတ်နိုင်ငံသည် ရောဂါသက်သာရေးနှင့် ကုသရေး စုပေါင်းနည်းလမ်းများကို တည်ထောင်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်အဖြစ် သမ္မတ ရှီကျင့်ဖိန်နှင့်အတူ အလွှာအားလုံးရှိ ပါတီကော်မတီဝင်များနှင့် အစိုးရအဖွဲ့များကလည်း ရောဂါတိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်ရေး ညှိနှိုင်းခဲ့ကြပြီး ဗဟိုကချမှတ်ထားသော အမိန့်၊ ညှိနှိုင်းမှုနှင့် စေလွှတ်မှုများကို လိုက်နာဆောင်ရွက်ခဲ့သည်။ ၎င်းတို့သည် ခံတပ်ကြီးတစ်ခုပမာ စည်းလုံးညီညွတ်ခဲ့ကြပြီး ဗိုင်းရပ်စ်အား တိုက်ဖျက်ရန်  ခိုင်မာသော ပေါင်းစပ်အင်အားတစ်ခုကို တည်ဆောက်ခြင်း နှင့် မယိမ်းမယိုင်သော ခုခံကာကွယ်ရေးမျဉ်းများရေးဆွဲခြင်းတို့ကို လုပ်ဆောင်ပြီး အတူပူးပေါင်းကာ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို  အပြည့်အဝ  အကောင်အထည်ဖော်ခဲ့ကြသည်။

ပြည်နယ်များ နှင့် မြို့ပြများ၏ စည်းလုံးညီညွတ်မှုသည် ပြည်သူများ နှင့် အသိုက်အဝန်းများအကြား အဖိုးမဖြတ်နိုင်သော ထောက်ပံ့မှုအဖြစ် မှတ်ကျောက်တင်ခဲ့ပြီဖြစ်သည်။ မိမိတို့ ဒေသများတွင် ကပ်ရောဂါဖြစ်ပွားနေလင့်ကစား သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ နှင့် မြို့တော်ဝန်များသည်  ဆေးဘက်ဆိုင်ရာဝန်ထမ်း ထောင်ပေါင်းများစွာ နှင့် တစ်ကိုယ်ရေးသုံး ကာကွယ်ရေးပစ္စည်းတန်ချိန်ပေါင်းများစွာကို ရောဂါအဓိကဖြစ်ပွားရာ ဟူပေပြည်နယ် ဝူဟန့်မြို့သို့ ပေးပို့စေလွှတ်ခဲ့ကြသည်။

ဗိုင်းရပ်စ်ထိန်းချုပ်ရာ၌ တရုတ်နိုင်ငံ၏ တိုးတက်အောင်မြင်မှုများသည် အစိုးရ၏ ခေါင်းဆောင်မှုစွမ်းရည်ကြောင့်ဟု မှတ်ယူနိုင်သလို တစ်ချိန်တည်းမှာပင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကြောင့်ဟု ဆိုရမည်ဖြစ်ကြောင်း Tedros က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။ “ အစိုးရရဲ့ ခိုင်မာတဲ့ ကတိကဝတ်တွေ မရှိဘဲနဲ့ ပြည်သူတွေက ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲနဲ့ ဒါကဖြစ်လာမှာမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ရောဂါစတင်ပျံ့နှံ့စဉ်ကတည်းက တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီသည် ဟူပေ နှင့် ဝူဟန့်မှ ရောဂါပြန့်သွားခြင်းမရှိစေရန် ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးအတွက် ဘက်စုံ ထောင့်စုံမှ ဆောင်ရွက်ခဲ့သည်။

“ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် CPC ဗဟိုကော်မတီက လုပ်ဆောင်ခဲ့တဲ့  ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး လုပ်ငန်း အားလုံးဟာ လူတွေပိုပြီး ရောဂါကူးစက်ခြင်းမခံရအောင် ကာကွယ်ပေးနိုင်ခဲ့သလို လူ့အသက်ပေါင်းများစွာကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်” ဟု မတ် ၁၀ ရက်က ဝူဟန့်မြို့သို့သွားရောက်စစ်ဆေးခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဆိုသည်။

တရုတ်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ရှေ့တန်း၌ တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ပြည်သူပူးပေါင်းပါဝင်မှု

ဝူဟန့်မြို့မှ ပြည်သူများကို ချီးကျူးစကားဆိုရင် သမ္မတရှီက ကပ်ရောဂါထိန်းချုပ်ရေးတွင် ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှု ၊ သစ္စာစောင့်သိမှု ၊ သန္နိဌာန်ခိုင်မာမှု နှင့် ကြိုးပမ်းအားထုတ်မှုများ မရှိဘဲ ယခုကဲ့သို့ အောင်မြင်မှုရရှိနိုင်လိမ့်မည်မဟုတ်ကြောင်း ဆိုခဲ့သည်။ ၎င်းက ကပ်ရောဂါအတွင်း သေဆုံးသွားကြသူများ နှင့် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုယ်စား ရှေ့တန်းတွင် ကပ်ရောဂါတိုက်ပွဲဝင်ရင်း အသက်စတေးခဲ့ရသူများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကပ်ရောဂါ ကာလအတွင်း စေတနာ့ဝန်ထမ်း ၂၀,၀၀၀ ကျော်သည် အစားအစာများ ပို့ဆောင်ပေးခြင်း ၊ ယာဉ်မောင်းများအဖြစ် လုပ်ကိုင်ပေးခြင်း ၊ စားသောက်ဆိုင်များတွင် အလုပ်သမားများ နှင့် ပံ့ပိုးကူညီသူများအဖြစ်ဆောင်ရွက်ပေးခြင်း ၊ ရပ်ကွက်များ နှင့် ဝူဟန့်ရှိဆေးရုံများအတွက် လုပ်ကိုင်ဆောင်ရွက်ပေးခြင်းတို့ကို ဝူဟန့်မြို့၌ ဆောင်ရွက်ပေးခဲ့သည်။ နောက်ထပ် စေတနာ့ဝန်ထမ်း ၂၄,၀၀၀ ကလည်း ဖေဖော်ဝါရီ နှောင်းပိုင်းမှစတင်ကာ မြို့အတွင်း ရပ်ကွက်အသီးသီးမှ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း တရားဝင် ကိန်းဂဏန်းများအရ သိရသည်။

၎င်းတို့၏ ခိုင်မာသောလုပ်ဆောင်ချက်များနှင့်အတူ ဝူဟန့်ပြည်သူများသည် တရုတ်နိုင်ငံ၏ စိတ်ဓာတ် နှင့် အင်အားများကို ထုတ်ဖော်ပြသခဲ့သလို တရုတ်ပြည်သူများသည် မိသားစု နှင့် တိုင်းပြည်အတွက် အရေးကြုံလာပါက တစ်စိတ်တစ်ဝမ်းတည်း အတူတကွ ရှိနေသည်ကို ပြသခြင်းလည်းဖြစ်ကြောင်း ရှီက ဆိုသည်။

တံခါးဖွင့်မှု နှင့် ပွင့်လင်းမြင်သာမှု

ကပ်ရောဂါ ရပ်တံ့အောင် လုပ်ကိုင်ဆောင်ရွက်ရာတွင် “ ရိုးသားခြင်းသည် အကောင်းဆုံးမူဝါဒဖြစ်သည်”ဟူ၍ ကျင့်သုံးခဲ့သည်။ သမ္မတရှီက မတူညီသောအဆင့်အမျိုးမျိုးရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးသို့ အစိုးရ၏ သတင်းစကားများကို မကြာခဏပေးပို့ခဲ့ပြီး ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို အချိန်နှင့်တစ်ပြေညီး တုံ့ပြန်ဖြေရှင်းပေးရန် နှင့် ပြဿနာများကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းသွားရန် ထည့်သွင်းပြောကြားခဲ့သည်။

ဇန်နဝါရီလကတည်းက တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးနှင့် အမျိုးသားကျန်းမာရေးကော်မရှင်က ဗိုင်းရပ်စ်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးအတွက် ပူးတွဲအားထုတ်မှုနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲများကို ပုံမှန်ကျင်းပခဲ့သည်။

တစ်ချိန်တည်းမှာပင်ဟူပေအပါအဝင် ပြည်နယ်အဆင့်ဒေသများတွင် နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲများကို ကျင်းပခဲ့သည်။ဖေဖော်ဝါရီ ၂၅ ရက်တွင် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းထုတ်ပြန်ရေးရုံးခန်းကို ဝူဟန့်မြို့သို့ ရွှေ့ပြောင်း၍ ကပ်ရောဂါတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး အချိန်နှင့်တစ်ပြေးညီသတင်းများ ထုတ်ပြန်ပေးခဲ့သည်။

ကပ်ရောဂါနှင့်ပတ်သက်သော နောက်ဆုံးရ သတင်းများကို ထုတ်ပြန်ပေးခြင်းဖြင့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို တုံ့ပြန်ပေးနိုင်ခဲ့သလို ကောလာဟလဖြန့်ဝေမှုများကို ဟန့်တားနိုင်ပြီး ထိရောက်မှန်ကန်သော သတင်းအချက်အလက်များကို ထုတ်ပြန်ပေးနိုင်ခဲ့သည်။

တာဝန်ယူမှုရှိသောနိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ဆက်စပ်သတင်းအချက်အလက်များကို ကမ္ဘာကြီးသို့ပေးပို့ရန် တံခါးဖွင့်၍ ပွင်းလင်းမြင်သာစွာဖြင့် စတင်ဆောင်ရွက်ခဲ့သလို ကမ္ဘာတစ်ဝှမ်းကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိုလည်း လုပ်ဆောင်ခဲ့သည်။

နည်းပညာ နှင့် သိပ္ပံပညာ

သမ္မတရှီက သိပ္ပံ နှင့် နည်းပညာသည် ရောဂါတိုက်ဖျက်ရန် လူသားတို့၏ အစွမ်းထက်ဆုံး စစ်လက်နက်များဖြစ်ကြောင်း ပြောကြားခဲ့သည်။ COVID-19 ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ၊ အသင့်ပြင်ဆင်မှုများ နှင့် တုံ့ပြန်မှုများအတွက် နည်းပညာ ၊ ကြီးမားသော အချက်အလက် နှင့် AI(ဉာဏ်ရည်တုနည်းပညာ) စသည်တို့ကို အသုံးပြုခဲ့ကြသည်။ အာဏာပိုင်များအနေဖြင့် ယုံကြည်ကိုးစားရသော သတင်းအချက်အလက် ၊ ဆေးဘက်ဆိုင်ရာ လမ်းညွှန်ချက် ၊ အွန်လိုင်းအသုံးပြုမှု ၊ ပညာရေးဆိုင်ရာ နည်းလမ်းသွယ်များ ဖန်တီးခြင်း နှင့် အဝေးမှ လုပ်ကိုင်ဆောင်ရွက်ရသော အလုပ်အကိုင်များ ဖန်တီးခြင်းတို့ကို တရုတ်နိုင်ငံတစ်ဝှမ်းလုံးတွင် တိုးတက်ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများကို တိုးမြှင့်ရယူနိုင်ခဲ့ပြီး သတင်းမှား ဖြန့်ဝေမှုများ လျှော့နည်းစေခဲ့သလို သတင်းမှား၏ အကျိုးသက်ရောက်မှုများကိုလည်း နည်းပါးစေခဲ့သည်။

ဥပမာအနေဖြင့် nucleic acid နှင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို စစ်ဆေးပေးနိုင်သည့် ကိရိယာများအပါအဝင် COVID-19 အတွက် စမ်းသပ်ကိရိယာများကို တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သည်။တရုတ်ရိုးရားတိုင်းရင်းဆေး (TCM) နှင့်အတူ ကုထုံးများကိုလည်း မြှင့်တင်နိုင်ခဲ့သည်။တရုတ်တိုင်းရင်းဆေး နှင့် အနောက်တိုင်းဆေးဝါးများ ပေါင်းစပ်ပြီး ကုသပေးခဲ့ရာမှ ရောဂါပြန်လည်သက်သာကောင်းမွန်လာသူဦးရေး တိုးများလာသလို သေနှုန်းကိုလည်း လျှော့ချနိုင်ခဲ့သည်။

ထို့ပြင် သတင်းအချက်အလက်နည်းပညာသစ်သည်လည်း မြန်ဆန်လာခဲ့သည်။  ရောဂါဖြစ်ပွားနေသော ဒေသများတွင် အလွန်အရေးကြီးသောအချိန်၌ အနီးကပ် ထိတွေ့လူနားများအတွက် မြေပုံညွှန်းများ တည်ဆောက်ပေးခြင်း နှင့် ဆေးဝါးဖြန့်ဖြူးရေး နှင့် ထောက်ပံ့ရေးအတွက်လမ်းကြောင်းများကိုလည်း အချိန်နှင့်တစ်ပြေညီး လုပ်ဆောင်နိုင်ခဲ့သည်။

ထို့ပြင် AI ဉာဏ်ရည်တုနည်းပညာက COVID-19 ရောဂါရှာဖွေရေး နှင့် ကုသရေးအတွက် များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။ တရုတ်သုတေသီများက AI ဖြင့် tomography ခွဲခြမ်းစိတ်ဖြာနည်းစနစ်ကို ဖန်တီးကာ ကပ်ရောဂါတိုက်ဖျက်ရေးတွင် လူနာအတွက် ပိုမိုတိကျသည့် စစ်ဆေးမှုကို ပြုလုပ်ပေးနိုင်ခဲ့သည်။ 

စောစောစီးစီး ကုသမှု

ကပ်ရောဂါနှင့် ပတ်သက်၍ အရာရာတိုင်းကို လျင်လျင်မြန်မြန်ဆောင်ရွက်ရမည်။ ကပ်ရောဂါထိန်းချုပ်ရန် တရုတ်နိုင်ငံ၏ တိုးတက်မှုများသည် ရောဂါရှိသူအား စောစောရှာဖွေခြင်း ၊ စောစောသတင်းပို့ ခြင်း ၊ သီးခြားခွဲထုတ်ခြင်း နှင့် ဆေးကုသမှုပေးခြင်း တို့ဖြစ်ရာ ယင်းမှာ အထိရောက်ဆုံး ကုထုံးများပင် ဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။

ဝူဟန့်မြို့တွင် COVID-19 လူနာများအတွက် ဟော်ဆန်ဆန်း နှင့် လေဆန်ဆန်း ဆေးရုံနှစ်ခုကို အချိန်နှစ်ပတ်အတွင်းတည်ဆောက်ခဲ့သည်။ထို့ပြင် အားကစားကွင်းများ နှင့် ပြပွဲခန်းမများ စုစုပေါင်း ၁၆ ခုကိုလည်း ယာယီဆေးရုံများအဖြစ် အသွင်ပြောင်း၍ လူနာများအား ကုသပေးခဲ့သည်။COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်-WHO ပူးတွဲအဖွဲ့ တစ်ခု၏ ဆောင်ရွက်မှုသည်“ မှတ်ကျောက်တင်စရာ အရှိန်အဟုန်” တစ်ခုဖြစ်ခဲ့သည်။

နိုင်ငံတကာအသိုင်းအဝန်းနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု

သမ္မတရှီကျင့်ဖိန်က ပြည်သူ့ကျန်းမာရေးလုံခြုံမှုသည် သက်ရှိလူသားများအားလုံးအတွက် ဘုံစိန်ခေါ်မှုတစ်ခုဟု အသိပေးပြောကြားခဲ့ပြီး ယင်းအားဖြေရှင်းရန် နိုင်ငံအားလုံးအနေဖြင့် လက်ချင်းချိတ်ထားရန် လိုအပ်ကြောင်း ဆိုသည်။နိုင်ငံအတွင်း ဗိုင်းရပ်စ်တိုက်ဖျက်ရေးကို ဆောင်ရွက်နေချိန်မှာပင် တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝန်းအား သတင်းအချက်အလက်မျှဝေခြင်း နှင့်အတူ တက်ကြွစွာ နှင့် ကိုယ်ပိုင်စိတ်ဆန္ဒအရ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တစ်ကမ္ဘာလုံးအတွက် ဗိုင်းရပ်စ်အား တုံ့ပြန်ရန် အချိန်ကို ဝယ်ပေးခဲ့သလို လိုအပ်ချိန်တွင် ကူညီရန် ကမ်းလှမ်းခဲ့သည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ လျင်လျင်မြန်မြန်ဆောင်ရွက်မှု နှင့် မှန်ကန်သော အချက်အလက် ဝေမျှမှုက တစ်ကမ္ဘာလုံးအတွက် စမ်းသပ်ရန် ၊ ရောဂါဖော်ထုတ်ရန်နှင့်အခြားသော ဆောင်ရွက်မှုများလုပ်ဆောင်ရန် ကြိုတင်ပြင်ဆင်ခွင့်များ ရရှိခဲ့သည်။

တရုတ်နိုင်ငံက COVID-19 စမ်းသပ်ကိရိယာများ ၊ နှာခေါင်းစည်းများ ၊ အကာအကွယ်ဝတ်စုံများ နှင့် အပူချိန်တိုင်းကိရိယာများကို အီရန် ၊ အီရတ် ၊ ဂျပန် နှင့် တောင်ကိုရီးယား အပါအဝင် ကမ္ဘာ့နိုင်ငံများစွာသို့ ပေးပို့ ထောက်ပံ့ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝူဟန့်ရှိ ဆရာဝန်များက teleconference မှတစ်ဆင့် ရောဂါကုထုံးများကို အီတလီအပါအဝင် အခြားနိုင်ငံများမှ ဆရာဝန်များနှင့်အတူ အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ဦးတည်ချက်ထား၍ လျင်လျင်မြန်မြန်ချဉ်းကပ်ဆောင်ရွက်မှု

“ ဝူဟန့်အောင်မြင်ခြင်းဟာ ဟူပေအောင်မြင်ခြင်းပါပဲ ၊ ဟူပေအောင်မြင်ခြင်းဟာ တရုတ်ပြည်အောင်မြင်ခြင်းပါပဲ” ဟူ၍ သမ္မတရှီက ဖေဖော်ဝါရီလ အစောပိုင်းတွင် ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းသို့သွားရောက်ကြမည့် ကျန်းမာရေးဝန်ထမ်းများအား ဩဝါဒစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ဝူဟန့် နှင့် ဟူပေအား ဦးစားပေးဆောင်ရွက်ခြင်းက အခြေခံမဟာဗျူဟာတစ်ခုကို ပြန်ပြောင်းထင်ဟတ်စေခြင်းဖြစ်သည်။ “ အစောပိုင်းက အမျိုးအမည်မသိဗိုင်းရပ်စ်တစ်ခု ကို ရင်ဆိုင်ရချိန်မှာ တရုတ်နိုင်ငံဟာ သမိုင်းမှာ အခိုင်မာဆုံးရည်မှန်းချက် ၊ အလျင်မြန်ဆုံးဆောင်ရွက်မှု နဲ့ ရောဂါ ထိန်းချုပ်မှုတွေကို စနစ်တကျပုံဖော်ဆောင်ရွက်ခဲ့တယ်” ဟု COVID-19 စစ်ဆေးခဲ့သည့် တရုတ်-WHO ပူးတွဲအဖွဲ့၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ဟူပေပြည်နယ် နှင့် ဝူဟန့်မြို့တော်သည် ၎င်းတို့၏ တရားဝင်ဆုံးဖြတ်ချက်များနှင့်အတူ ကပ်ရောဂါပျံ့နှံ့မှုကို တားဆီးရန် ပို၍ အကျိုးသက်ရောက်မှုရှိသော ၊ ပို၍ ဦးတည်ချက်ရှိသော ၊ ပို၍ထိရောက်မှုရှိသော လုပ်ငန်းများကို ခိုင်ခိုင်မာမာ ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ကပ်ရောဂါတိုက်ဖျက်ရေးတွင် အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် ဟူပေဒေသ၌ ကျန်းမာရေးအန္တရာယ် လျော့ပါးသွားပြီးဖြစ်ရာ လူမှုဘဝ နှင့် စီးပွားရေး လုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်ရန် ဒေသဆိုင်ရာ အာဏာပိုင်များကလည်း စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။ကပ်ရောဂါတိုက်ဖျက်ရေးစစ်မျက်နှာ နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စစ်မျက်နှာ အဆိုပါ စစ်မျက်နှာ နှစ်ခုတွင် တရုတ်နိုင်ငံအနေဖြင့် အခက်အခဲများအား ရင်ဆိုင်ကျော်ဖြတ်ကာ ဒေသတွင်းအခြေအနေနှင့် အံဝင်ဂွင်ကျ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ယခုအခါ တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည် နလံထူမှုသည် အရှိန်အဟုန်ရရှိနေပြီးဖြစ်ရာ ၎င်း၏ ချဉ်းကပ်မှုပုံစံကိုသာ ကျေးဇူးတင်ရမည်ဖြစ်ပေသည်။(Xinhua)