Connect with us

ASEAN

ဗီယက်နမ်နိုင်ငံတွင် ကပ်ရောဂါ တစ်ကျော့ပြန် ဖြစ်ပွားမှုကြောင့် လူပေါင်း ၉ သောင်းကျော် သီးခြားခွဲထားရ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ဆေးဝန်ထမ်းများက ဒါနန်မှပြန်လာသူများ အား COVID-19ရောဂါ စစ်ဆေးမှုများ ပြုလုပ်ပေးနေသည်ကို ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 ပေကျင်း၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် ဇူလိုင် ၃၁ ရက်က ပထမဆုံး COVID-19ရောဂါ အတည်ပြုလူနာ ထပ်မံ တွေ့ရှိပြီးနောက် ဩဂုတ် ၁ ရက်တွင် အသစ်ထပ်တိုးအတည်ပြုလူနာ ၄၀ ၊ သီးခြားခွဲထားစောင့်ကြည့်မှု ခံယူနေသူ ၉ သောင်းကျော်ရှိကြောင်း သိရသည်။

COVID-19 ကပ်ရောဂါသည် ဗီယက်နမ်နိုင်ငံတွင် ယခင်က ကောင်းမွန်စွာထိန်းချုပ်နိုင်ခဲ့သည်။ ကပ်ရောဂါတစ်ကျော့ပြန် ဖြစ်ပွားသည့် ဇူလိုင်လကုန်မတိုင်မီအထိ ဗီယက်နမ်နိုင်ငံတွင် ၉၉ ရက်ဆက်တိုက်အသစ်ထပ်တိုးရောဂါကူးစက်သူ မရှိခဲ့ကြောင်း သိရသည်။

ဒါနန်ဆိပ်ကမ်းမြို့တွင် ရောဂါဖြစ်ပွားမှုများပြား

ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ် ၁ ရက် ထုတ်ပြန်ချက်များအရ ယင်းနေ့တွင် ရောဂါကူးစက်ခံရသူ ၄၀ ကျော်ရှိကြောင်း သိရသည်။ ထပ်တိုးလူနာအများစုမှာ နိုင်ငံအလယ်ပိုင်း ပင်လယ်ကမ်းခြေမြို့ဖြစ်သည့် ဒါနန်ဆိပ်ကမ်းမြို့မှ ဖြစ်သည်။ဩဂုတ် ၁ ရက်အထိ ဗီယက်နမ်တွင် COVID-19ရောဂါအသစ်ထပ်တိုး သေဆုံးသူ ၃ဦး၊ အတည်ပြုလူနာ စုစုပေါင်း ၅၈၆ ရှိပြီဖြစ်ကြောင်းသိရသည်။ အတည်ပြုလူနာများအနက် ပြည်ပမှဝင်ရောက်လာသူ ၃၀၄ ဦး၊ ဆက်စပ်အတည်ပြုလူနာ ၁၄၂ ဦး ရှိကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ COVID-19ရောဂါ စစ်ဆေးရေးစခန်းတွင် တာဝန်ကျရဲဝန်ထမ်း တစ်ဦးအား ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီယက်နမ် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး အမျိုးသားလမ်းညွှန်ကော်မတီ ၏ ကယ်ဆယ်ကုသရေးအဖွဲ့ထုတ်ပြန်ချက်များအရ ရောဂါဖြစ်ပွားသူ လူနာ တစ်ဝက်ကျော်သည် ပြန်လည်ကောင်းမွန်သွားပြီဖြစ်ပြီး တစ်နိုင်ငံလုံး အတည်ပြုလူနာ ၁၈၀ ဦး ရှိကြောင်း သိရသည်။ဒါနန်မြို့သည် ဗီယက်နမ်တွင် လူကြိုက်အများဆုံး အပန်းဖြေကမ်းခြေရှိရာ နှစ်စဉ်နွေရာသီကာလတွင် ခရီးသွားအများအပြား လာရောက်လည်ပတ်လေ့ရှိသည်။ ယင်းဆိပ်ကမ်းမြို့တွင် ဇူလိုင် ၂၅ ရက်က ဒေသတွင်းအတည်ပြုလူနာ များ ထွက်ပေါ်လာပြီးနောက် ဇူလိုင် ၂၈ ရက်တွင် လော့ခ်ဒေါင်းချခဲ့သည်။ လူနာအရေအတွက် ဆက်တိုက် တိုးပွားလာခြင်းကြောင်း ဒါနန်မြို့၏လုံခြုံရေးနည်းလမ်းများ တိုးမြှင့်ဆောင်ရွက်ထားကာ စစ်ဆေးရေးဂိတ်များထားရှိ၍ လူအဝင်အထွက်တင်းကြပ်ထားကြောင်း သိရသည်။ဇူလိုင် ၃၁ ရက်တွင် ဒါနန်ဆေးရုံ၏ လူနာလက်ခံကုသမှုဝန်ပိအား‌ လျော့နည်းစေရန် အားကစားရုံတစ်ခုအား ယာယီဆေးရုံအဖြစ် ပြောင်းလဲခဲ့သလို အစိုးရကလည်း အခြား မြို့များရှိ ဆေးဝန်ထမ်းများကို အားဖြည့်ရန် စေလွှတ်ထားကြောင်း သိရသည်။

ရောဂါဖြစ်ပွားမှု နေရာအမြောက်အမြားကူးစက် ပျံ့နှံ့

ကပ်ရောဂါ ဒုတိယလှိုင်းသည် မြို့တော် ဟနွိုင်း နှင့် တောင်ပိုင်း ဆိပ်ကမ်းမြို့ ဟိုချီမင်းအပါအဝင်  ဗီယက်နမ်နိုင်ငံ နေရာမြောက်အမြားကို ကူးစက်ပျံ့နှံခဲ့သည်။ ဗီယက်နမ်အစိုးရသည် ဒါနန်မြိုမှ ပြန်လာသူများအား ရောဂါစစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။VNA သတင်းဌာန၏ သတင်းများအရ လက်ရှိ ဗီယက်နမ်နိုင်ငံတွင် အတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့သူ သို့မဟုတ် ဒါနန်မြို့မှ ပြန်လာသူ ၉၁,၄၆၂ ဦးကို သီးခြားခွဲထား စောင့်ကြည့်နေကြောင်း သိရသည်။ ၎င်းအနက် ဆေးရုံတွင် ၉၅၃ ဦး၊ သီးခြားခွဲထားစောင့်ကြည့်နေရာတွင် ၁၈,၀၆၃ဦး ၊ အိမ်တွင် သီးသန့်နေထိုင်သူ ၇၂,၄၄၆ ဦး ရှိကြောင်း သိရသည်။

ဟနွိုင်းမြို့တွင် ဒါနန်မှပြန်လာသူ နှစ်ဦး ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ဆေးရုံဆေးခန်း ၁၀၀ ကျော်တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးသည့် ကိရိယာများ တပ်ဆင်ခဲ့သည်။ AP သတင်းအရ ဟနွိုင်းတွင် ဒါနန်မှပြန်လာသူ ၅၄,၀၀၀ ခန့်ရှိရာ ၎င်းတို့အနက် သုံးပုံတစ်ပုံတွင် ရောဂါစစ်ဆေးမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

ဟိုချီမင်းမြို့တွင် ဒါနန်ဆိပ်ကမ်းမြို့မှ ပြန်လာသူ ၅ ဦး ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် လူပေါင်း ၂ သောင်း ခန့် ရောဂါ စစ်ဆေးမှုခံယူခဲ့သည်။ကပ်ရောဂါသက်ရောက်မှုကြောင့် ဒါနန်မြို့ တောင်ဘက်  ၂၀ ကီလိုမီတာခန့်ရှိ  ခရီးသွားမြို့ဖြစ်သည့် Hội Anတွင်လည်း ဇူလိုင် ၃၀ ရက်မှစ၍  ခရီးသွားလက်ခံမှုများကို ဆိုင်းငံ့ခဲ့ပြီး မလိုအပ်သည့်လူစုလူဝေးလုပ်မှုများကို ယာယီ တားမြစ်ခဲ့သည်။(Xinhua)