Connect with us

ASEAN

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ ၁ ဒသမ ၂ သန်း နီးပါး ရှိ ၊ သေဆုံးသူ ၂၈,၇၃၂ ဦးထိ မြင့်တက်လာ 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ COVID-19 စောင့်ကြပ်ကြည့်ရှုရေးစင်တာ တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) 

အိန္ဒိယ နိုင်ငံတစ်ဝန်း ပြီးခဲ့သော ၂၄ နာရီအတွင်း  COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၆၄၈ ဦး နှင့် အတည်ပြုလူနာသစ် ၃၇,၇၂၄ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့ပြီးနောက် စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ ၂၈,၇၃၂ ဦး နှင့် စုစုပေါင်း ရောဂါ ဖြစ်ပွားသူ ၁,၁၉၂,၉၁၅ ဦးထိ  ရှိလာခဲ့ကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြင့် ဆက်စပ်၍ သေဆုံးသူ အရေအတွက်မှာ ယနေ့ နံနက်(ဒေသစံတော်ချိန်) ၈ နာရီထိ ၂၈,၇၃၂ ဦး ရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းထိ COVID-19 ရောဂါ ဖြစ်ပွားသူ  ၁,၁၅၅,၁၉၁ ဦး နှင့် သေဆုံးသူ အရေအတွက်၂၈,၀၈၄ ဦး အသီးသီး ရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက အမျိုးသမီးတစ်ဦးထံမှ COVID-19 ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲနမူနာ ရယူနေစဉ်(ဆင်ဟွာ) 

ယခုအချိန်ထိ ရောဂါပြန်လည်သက်သာကောင်းမွန်လာသူ ၇၅၃,၀၅၀ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိသွားပြီ ဖြစ်ကြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ယခုအခါတွင် အိန္ဒိယ နိုင်ငံအတွင်း C0VID-19 ရောဂါ ဖြစ်ပွားသူမှာ ၄၁၁,၁၃၃ ဦးသာ ကျန်ရှိတော့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

လက်ရှိတွင် အိန္ဒိယနိုင်ငံသည် COVID-19 ထိန်းသိမ်းရေးဇုန်များအတွင်း ကန့်သတ်မှုများ ရှိနေသေးသော်လည်း နိုင်ငံအနေဖြင့် ဖြေလျှော့မှု ဒုတိယအဆင့်သို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ COVID-19 ရောဂါ ဖြစ်ပွားသူ အရေအတွက် ဆက်လက် မြင့်တက်လာသည်နှင့် အမျှ Bharat Biotech မှ ထုတ်လုပ်သော COVAXIN ကာကွယ်ဆေးအား လူခန္ဓာကိုယ်၌ စမ်းသပ်မှုကို ဇူလိုင် ၁၇ ရက်က Haryana ပြည်နယ်ရှိ အစိုးရပိုင် PGI Rohtak ဆေးရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ပြည်နယ်ကျန်းမာရေး ဝန်ကြီး Anil Vij က ယနေ့တွင် သုံးဦးအား စမ်းသပ်ထိုးနှံခဲ့ပြီး အားလုံးမှာ ကာကွယ်ဆေးကို ကောင်းမွန်စွာ ခံနိုင်ရည် ရှိကြောင်း ၊ ဘေးဖြစ်စေသောဆိုးကျိုးများ မရှိကြောင်း တွစ်တာစာမျက်နှာတွင် ဇူလိုင် ၁၇ ရက်က ရေးသားခဲ့သည်။ (Xinhua)