Connect with us

ASEAN

မော်လ်ဒိုက်နိုင်ငံတွင် COVID-19 အသွားအလာကန့်သတ်ပိတ်ပင်ခြင်းအပေါ် ချိုးဖောက်သူများအား ဒဏ်ငွေရိုက်မည်

မော်လ်ဒိုက်နိုင်ငံရှိ တရုတ်-မော်လ်ဒိုက်ချစ်ကြည်ရေးတံတားအား တွေ့ရစဉ် (ဆင်ဟွာ)

မာလေး၊ မတ် ၁၉ ရက် (ဆင်ဟွာ)

မော်လ်ဒိုက်နိုင်ငံ အစိုးရက COVID-19 ထိန်းချုပ်ရန် ကြေညာထားသော သီးသန့်ခွဲနေထိုင်ခြင်းနှင့် အသွားအလာကန့်သတ်ပိတ်ပင်ခြင်း ဆောင်ရွက်မှုများအပေါ် ချိုးဖောက်သူများအား ဒဏ်ငွေရိုက်မည်ဖြစ်ကြောင်း မတ် ၁၉ ရက်တွင် ကြေညာလိုက်သည်။

ပြည်သူ့ကျန်းမာရေးဥပဒေအရ COVID-19 ပျံ့နှံ့မှုကာကွယ်ရန် သီးသန့်ခွဲနေထိုင်ခြင်းနှင့် အသွားအလာကန့်သတ်ပိတ်ပင်ခြင်း ဆောင်ရွက်မှုများ သတ်မှတ်ထားကြောင်းနှင့် ၎င်းဆောင်ရွက်မှုများအား ချိုးဖောက်သူများကို ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၂၄ ဒေါ်လာ ဒဏ်ငွေရိုက်မည်ဖြစ်ကြောင်း မော်လ်ဒိုက်နိုင်ငံ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုလုပ်ငန်း (HPA) က ပြောကြားခဲ့သည်။

မော်လ်ဒိုက်နိုင်ငံတွင် သီးသန့်ခွဲနေထိုင်ခြင်းနှင့် အသွားအလာကန့်သတ်ပိတ်ပင်ခြင်း ဆောင်ရွက်မှုများအား ချိုးဖောက်သူနှစ်ဦးရှိခဲ့ပြီးနောက် ယခုလိုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ချိုးဖောက်မှုမျိုးသည် အန္တရာယ်ဖြစ်ဖွယ် အလေးမထားမှုအဖြစ် သတ်မှတ်နိုင်ပြီး မော်လ်ဒိုက်နိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေအရ ထောင်ဒဏ်အများဆုံး လေးနှစ်အထိ ချမှတ်ခံရနိုင်ကြောင်း ရှေ့နေချုပ် ဟူစိန် ရှာမီးမ် (Hussain Shameem) က ပြောကြားခဲ့သည်။

မော်လ်ဒိုက်နိုင်ငံတွင် COVID-19 ကူးစက်ရောဂါဖြစ်ပွားသူ ၁၃ ဦးရှိကြောင်း အတည်ပြုထားပြီး နိုင်ငံအဆင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားကြောင်း သိရသည်။  (Xinhua)