Connect with us

ASEAN

တရုတ်နိုင်ငံက ထိုင်းနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေး အခက်အခဲများကို အစွမ်းကုန် ကူညီဆောင်ရွက်သွားလို 

တရုတ်နိုင်ငံမှ ပြည်ပသို့ ပို့ဆောင်နေသည့် ဆေးကုသရေး အထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မတ် ၁၉ ရက်(ဆင်ဟွာ) 

ထိုင်းနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက တက်ကြွစွာ ကူညီဆောင်ရွက်သွားလိုကြောင်းကို ထိုင်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ယာယီတာဝန်ခံ ရန်ရှန်း(Yang Xin)သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha)နှင့် မတ် ၁၇ ရက်က ဖုန်းဖြင့်ဆက်သွယ်စဉ် ပြောကြားခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ လုပ်ငန်းစဉ်များကိုဆောင်ရွက်ရန်လည်း ရန်ရှန်း(Yang Xin)က  မတ် ၁၈ ရက်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ပြည်သူ့ ကျန်းမာရေး ဝန်ကြီး Anutin Charnvirakulနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

COVID-19ရောဂါကို ရင်ဆိုင်ဖြေရှင်းရာ၌ တရုတ်-ထိုင်း နှစ်နိုင်ငံသည် လက်ရှိအခက်အခဲများကို ကျော်လွှားကာ အပြန်အလှန်ရိုင်းပင်းကူညီခဲ့ကြသည်မှာ အကြပ်အတည်းအခက်အခဲများတွင် တစ်လှေတည်းစီးတစ်ခရီးတည်းသွား အပြန်အလှန် ကူညီဖေးမကြသည့် အစဉ်အလာ ချစ်ကြည်ရေးကို ပေါ်လွင်ထင်ရှားစေခဲ့ကြောင်း၊ ယခုကာလများတွင် ထိုင်းနိုင်ငံ၏ ကပ်ရောဂါအခြေအနေ ဆိုးဝါးလာရာ တရုတ်နိုင်ငံ ပြည်သူများအနေဖြင့် ထပ်တူ စာနာမိကြောင်း ၊မိမိတို့ကိုယ်တိုင် ကြုံတွေ့နေရသည့် အခက်အခဲကြီးများကို  ရင်ဆိုင်ဖြေရှင်းနေသည့် တစ်ချိန်တည်းတွင်ပင် ထိုင်းနိုင်ငံအား တတ်နိုင်သ၍ အစွမ်းကုန် ကူညီဆောင်ရွက်ပေးလိုကြောင်း ရန်ရှန်း(Yang Xin)က ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ အစိုးရက  ထိုင်းနိုင်ငံသို့ ရောဂါစမ်းသပ်ရေးပစ္စည်းနှင့် ရောဂါကာကွယ်ရေးဝတ်စုံစသည့် ထောက်ပံ့ရေးပစ္စည်းများ ကူညီထောက်ပံ့သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဆေးဝါးပစ္စည်းများ ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရန်လည်း ကုမ္ပဏီလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ထိုင်းနိုင်ငံရှိ တရုတ်ကုမ္ပဏီလုပ်ငန်းများနှင့် ချစ်ကြည်ရေးအသင်းများကလည်း ဆေးကုသရေး ထောက်ပံ့ပစ္စည်းများကို လှူဒါန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကလည်း  ထိုင်းနိုင်ငံနှင့်ပြည်သူလူထုကိုယ်စား တရုတ်နိုင်ငံ၏ကူညီထောက်ပံ့အားပေးမှုများကို ကျေးဇူးတင်ရှိကြောင်း ၊ ၎င်းမှာ တရုတ်နိုင်ငံအစိုးရက ထိုင်း-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးကို အထူးအလေးထားသည့်ပုံရိပ်ကို အပြည့်အဝ ထင်ဟပ်စေကြောင်း ၊ နှစ်နိုင်ငံ လက်တွဲကာ ကပ်ရောဂါကို အောင်နိုင်အောင် တိုက်ဖျက်နိုင်မည်ဟု ယုံကြည်သလို နှစ်နိုင်ငံ ဆက်ဆံရေးသည် ထိုမှတစ်ဆင့် ပို၍ နက်ရှိုင်းလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ ကျန်းမာရေး ဝန်ကြီး Anutin Charnvirakulကလည်း မိမိတို့နိုင်ငံ အခက်အခဲဆုံးအချိန်တွင် နွေးထွေးသည့် လက်ကမ်းဖေးမမှုကို တန်ဖိုးထား ချီးကျူးပါကြောင်း ၊ ၎င်းမှာ ထိုင်း-တရုတ် မိသားစုသဖွယ် ရင်းနှီးသည့် ချစ်ကြည်ကို ထပ်လောင်း ဖော်ပြခြင်းဖြစ်ကြောင်း ၊ ကပ်ရောဂါအတူတိုက်ဖျက်မှုမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုရင်းနှီးခိုင်မာလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)