Connect with us

ASEAN

တောင်ကိုရီးယားနိုင်ငံတွင် social distancing ကန့်သတ်ချက်များအား ဖြေလျှော့၊ အိန္ဒိယနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ၇ သန်းကျော်ရှိလာ

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ကိုဗစ်-၁၉ သီးခြားခွဲထားရောဂါစောင့်ကြည့်ရေး စင်တာတစ်ခုတွင် အမျိုးသားတစ်ဦးအား ဆေးစစ်ပေးရန် ဓါတ်ခွဲနမူနာယူနေသည်ကို စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံတွင် social distancing ကန့်သတ်ချက်များအား ဖြေလျှော့နေပြီဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံတွင် ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း ၇ သန်းကျော်ရှိလာကြောင်း အောက်တိုဘာ ၁၁ ရက် သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ အောက်တိုဘာ ၁၁ ရက် ဗဟိုဥရောပစံတော်ချိန်(CET) ၁၄ နာရီ အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၃၄၇,၅၂၆ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၅,၄၉၇ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၃၇,၁၀၉,၈၅၁ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၀၇၀,၃၅၅ ဦး ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ကိုဗစ်-၁၉ သီးခြားခွဲထားရောဂါစောင့်ကြည့်ရေး စင်တာတစ်ခုတွင် ပိုးသတ်ဆေး ဖျန်းနေသည်ကို စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် အောက်တိုဘာ ၁၂ ရက် ၈ နာရီ ၂၃ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၃၇,၃၇၉,၃၂၀ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၀၇၅,၃၂၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကိုဗစ် အတည်ပြုလူနာနှင့် သေဆုံးသူ အရေအတွက် အများဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၇,၇၆၁,၅၄၇ ဦး နှင့် သေဆုံးသူ ၂၁၄,၇၆၇ ဦး ရှိကြောင်း သိရသည်။

(၂)သတင်းအချက်အလက် စုစည်းချက်များ

တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ် Chung Sye-kyunသည် အောက်တိုဘာ ၁၁ ရက်က ကျင်းပသော ကပ်ဘေးအန္တရာယ်လုံခြုံရေးစီမံခန့်ခွဲမှုဌာနချုပ်အစည်းအဝေးကို သဘာပတိအဖြစ်တက်ရောက်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ social distancing ကန့်သတ်ချက်များအဆင့်ကို အနိမ့်အဆင့်ဖြစ်သည့် အဆင့်(၁) သို့ လျှော့ချမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ကန့်သတ်ချက်များကို လျှော့ချမည် ဖြစ်သော်လည်း မြို့တော်တစ်ဝိုက်ဒေသများတွင် ဒုတိယအဆင့် ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းအချို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ယင်းနေ့တွင်ပင် တောင်ကိုရီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးYoo Eun-hyeက ကျောင်းတက်ရောက်မှုနှုန်း ကန့်သတ်ချက်များကို အောက်တိုဘာ ၁၉ ရက်မှစ၍ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိညွှန်ကြားချက်အရ မူလတန်းနှင့်အလယ်တန်း၏ ကျောင်းတက်ရောက်မှုနှုန်းကို သုံးပုံတစ်ပုံအတွင်းသာ ထားရှိရန်နှင် အထက်တန်းကို သုံးပုံနှစ်ပုံထားရှိရန် ထိန်းချုပ်ထားခြင်း ဖြစ်သည်။ Yoo Eun-hye၏ ပြောကြားချက်အရ စာသင်ကျောင်းများအားလုံး၏ ကျောင်းတက်ရောက်မှုနှုန်းကို အောက်တိုဘာ ၁၉ ရက်မှစ၍ သုံးပုံနှစ်ပုံ ထားရှိမည် ဖြစ်ကြောင်း သိရသည်။

အိုင်ယာလန်နိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် နိုင်ငံတွင်းသို့ဝင်ရောက်လာသော ခရီးသည်များအား သီးခြားခွဲထားခြင်း ရောဂါကာကွယ်ရေးနည်းလမ်းအစား လေဆိပ်၌ ရောဂါပိုးစစ်ဆေးခြင်း နည်းလမ်းကို အစားထိုးအသုံးပြုသွားမည်ဖြစ်ကြောင်း အိုင်ယာလန် ကျန်းမာရေးဝန်ကြီးStephen Donnellyက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ထိုမတိုင်မီ Ryanair နှင့်Aer Lingusလေကြောင်း ကုမ္ပဏီများက ဥရောပတွင် အတင်းကြပ်ဆုံးသော ခရီးသွားကန့်သတ်ချက်များကျင့်သုံးသည့်အတွက် အိုင်ယာလန်အစိုးရကို ဝေဖန်ပြောဆိုခဲ့ကြောင်း သိရသည်။ ယင်းကန့်သတ်ချက်တွင် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသူ ခရီးသွားအားလုံးနီးပါးကို ၁၄ ရက်ကြာ သီးခြားခွဲထားရန် ပါဝင်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၇ သန်းကျော်ရှိပြီဖြစ်ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၁ ရက် ထုတ်ပြန်ချက်များအရ သိရသည်။
အိန္ဒိယနိုင်ငံသည် အမေရိကန်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ကိုဗစ် အတည်ပြုလူနာ ၇ သန်းကျော်သည့် ဒုတိယနိုင်ငံဖြစ်လာကြောင်း သိရသည်။
ယင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းအထိ ၂၄ နာရီအတွင်း ထပ်တိုးလူနာသစ် ၇၄,၃၈၃ ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ ၇,၀၅၃,၈၀၆ ဦး၊ ထပ်တိုး သေဆုံးသူ ၉၁၈ ဦးနှင့် စုစုပေါင်း သေဆုံးသူ ၁၀၈,၃၃၄ ဦး ရှိကြောင်း သိရသည်။

အီရန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထပ်တိုးအတည်ပြုလူနာ ၃,၈၂၂ ဦးဖြင့် စုစုပေါင်း အတည်ပြုလူနာ ၅ သိန်းကျော် (၅၀၀,၀၇၅ ဦး) ၊ ထပ်တိုးသေဆုံးသူ အများဆုံးအဖြစ် ၂၅၁ဦးနှင့် စုစုပေါင်းသေဆုံးသူ ၂၈,၅၄၄ ဦး ၊ ရောဂါ သက်သာပျောက်ကင်းသူ ၄၀၆,၃၈၉ ဦး၊ ရောဂါပြင်းထန်သူ ၄,၄၈၂ ဦးရှိကြောင်း အီရန် ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၁ ရက် ကြေညာချက်များအရ သိရသည်။ (Xinhua)