Connect with us

CHINA

အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့၏ရန်သူမှာ ကပ်ရောဂါဖြစ်သည်ကို ရှင်းရှင်းလင်းလင်းသိထားရန် လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန  ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်အား ဧပြီ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့၏ရန်သူမှာ ကပ်ရောဂါဖြစ်ပြီး တရုတ်နိုင်ငံမဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်းသိထားရန် လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က ဧပြီ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် CNN သတင်းထောက်က “အမေရိကန်အနေနဲ့ တရုတ်နိုင်ငံကို မိမိရဲ့စုံစမ်းစစ်ဆေးသူတွေစေလွှတ်ပြီး COVID-19 ကပ်ရောဂါနဲ့သက်ဆိုင်တဲ့အခြေအနေကို စစ်ဆေးလိုတယ်၊ ဒီကိစ္စနဲ့ပတ်သတ်ပြီး တရုတ်နိုင်ငံနဲ့ ဆွေးနွေးနေတယ်လို့ သမ္မတ ထရမ့်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောကြားခဲ့သလို  ပြီးခဲ့တဲ့ စနေနေ့ကလည်း တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ်ပြန့်ပွားအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေကို တာဝန်ယူဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့သောကြာနေ့က အမေရိကန်လွှတ်တော်အမတ် နှစ်ဦးက တရုတ်နိုင်ငံအစိုးရအား တရားစွဲဆိုဖို့ လွှတ်တော်တွင် အဆိုတင်သွင်းခဲ့တဲ့ပေါ်  ဘယ်လိုတုံ့ပြန် ပြောကြားလိုပါသလဲ”ဟု မေးမြန်းခဲ့ခြင်းအပေါ် ကိန်းစွမ်းက အထက်ပါအတိုင်း ပြန်လည်တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က “ဒီမေးမြန်းချက်တွေကို ကျွန်တော်တစ်ခါတည်း အဖြေပေးပါ့မယ်။ COVID-19 ကပ်ရောဂါ ဖြစ်ပွားတဲ့ကာလက စပြီး တရုတ်နိုင်ငံဟာ ပွင့်လင်းမြင်သာစွာ၊ တာဝန်သိစွာနဲ့ ဘက်စုံထောင့်စေ့ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းတွေကို အဆုံးစွန် လုပ်ဆောင်ခဲ့တယ်။ ရောဂါပြန့်ပွားမှုမဖြစ်ပွားအောင် အစွမ်းကုန် တားဆီးဆောင်ရွက်ခဲ့သလို နိုင်ငံတကာနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေကို တက်ကြွစွာ ဆောင်ရွက်ခဲ့တယ်။ ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အနစ်နာခံခဲ့တယ်၊ရရှိတဲ့ အတွေ့အကြုံကောင်းတွေကို မျှဝေအကျိုးဆောင်ခဲ့တယ်။ နိုင်ငံတကာအသိုက်အဝန်းက တရုတ်နိုင်ငံရဲ့ ကပ်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုနဲ့ ရလဒ်တွေကို မျက်ထင်ဝါးထင်ထင်မြင်တွေ့ခဲ့သလို ထောက်ခံအားပေး ချီးကျူးခဲ့တယ်။”ဟု ပြောကြားခဲ့သည်။ 

“ဗိုင်းရပ်စ်ရောဂါပိုးဟာ လူမျိုးနွယ်အားလုံးရဲ့ ဘုံရန်သူဖြစ်တယ်။ ဘယ်အချိန်မဆို ၊ ကမ္ဘာရဲ့ ဘယ်ဒေသမျိုးမဆို ဖြစ်ပွားနိုင်တယ်။ တရုတ်နိုင်ငံဟာလည်း အခြားနိုင်ငံတွေလိုပဲ  ကိုရိုနာဗိုင်းရပ်ရဲ့တိုက်ခိုက်မှုကို ခံခဲ့ရသူ ဖြစ်တယ်။ အမျိုးသား ကျန်းမာရေးအန္တရာယ်ကြီးနဲ့ ကူးစပ်ရောဂါအန္တရာယ်ကြီးကို ရင်ဆိုင်ရတဲ့အခါ နိုင်ငံတကာအသိုက်အဝန်းက စည်းလုံးညီညွတ်စွာ ညှိနှိုင်း ဆောင်ရွက်ကာ တစ်လှေတည်းစီးတစ်ခရီးတည်းသွားပြီး ဖေးမကူညီရမှာဖြစ်တယ်။ အပြန်အလှန် အပြစ်တင် ရန်ထောင်အကြွေးတောင်းနေရမှာ မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း ဒီလိုလုပ်ဆောင်ခဲ့ဖူးတယ်ဆိုတာ ကျွန်တော် မတွေ့ဖူးဘူး။

၂၀၀၉ ခုနှစ်က   H1N1 ဟာ အမေရိကန်နိုင်ငံမှာ ပထမဆုံး စတင် ဖြစ်ပွားရာ နိုင်ငံနဲ့ဒေသပေါင်း ၂၁၄ ခုကို ပြန့်နှံ့ခဲ့ပြီး လူပေါင်း ၂ သိန်းနီးပါးသေဆုံးခဲ့တာနဲ့ပတ်သတ်လို့ အမေရိကန်ကို လျော်ကြေးတောင်းခဲ့တာရှိပါလား။ ၁၉၈၀ ပြည့်လွန်နှစ်များမှာ AIDS ရောဂါကို အမေရိကန်မှာ ပထမဆုံးစတင်တွေ့ရှိခဲ့ပြီးကမ္ဘာ့နေရာအနှံ့အပြားကို ပြန့်နှံ့ရာ လူပေါင်းများစွာ ဘေးဒုက္ခနဲ့ကြုံတွေ့ခဲ့ရတာနဲ့ပတ်သက်လို့ တာဝန်ခံဖို့ အမေရိကန်ကို ရှာတဲ့သူ ရှိပါလား။ဒါ့အပြင် ပြီးခဲ့ရက်များက National University of Singapore(NUS) ပါမောက္ခ Kishore Mahbubani ပြောသလိုပဲ ၂၀၀၈ ခုနှစ် အမေရိကန်ဘဏ္ဍာရေးမငြိမ်သက်မှုတွေကြောင့် Lehman Brothers ကုမ္ပဏီ ဒေဝါလီခံခဲ့ရာကနေ တစ်ကမ္ဘာလုံးဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ပွားခဲ့တဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေကို တာဝန်ယူဖို့ အမေရိကန်ကို ရှာခဲ့တာ ရှိပါသလား။ အမေရိကန်နိုင်ငံအနေနဲ့ ၎င်းတို့ရဲ့ရန်သူဟာ ဗိုင်းရပ်စ်ရောဂါပိုးဖြစ်တယ် ၊တရုတ်နိုင်ငံမဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိဖို့ လိုပါတယ်။

နိုင်ငံတကာအသိုက်အဝန်းက ဘုံရန်သူကိုပစ်မှတ်ထား စည်းလုံးညီညွတ်စွာ တိုက်ဖျက်မှသာ ကပ်ရောဂါအန္တရာယ်ကို ကျော်လွှားနိုင်မှာပါ။ တစ်ဖက်နိုင်ငံကို အရောင်ဆိုးအိုးမဲသုတ်တာတွေက အလဟဿကုန်ဆုံးသွားတဲ့အချိန်တွေနဲ့ ဆုံးရှုံးသွားတဲ့ အသက်အိုးအိမ်တွေကို ပြန်လည်အဖတ်မဆယ်နိုင်ပါဘူး။ အမေရိကန်နိုင်ငံရှိ လူအချို့က လက်တွေ့ဖြစ်ရပ်မှန်ကို လေးစားဖို့၊ သိပံ္ပပညာကို လေးစားဖို့၊ နိုင်ငံတကာလူထုအမြင်ကို လေးစားဖို့ လိုပါတယ်။ တရုတ်နိုင်ငံကို  အကြောင်းမဲ့ တိုက်ခိုက်အပြစ်တင်ပြောဆိုမှုတွေ ၊ တာဝန်မဲ့မှတ်ချက်ပေးမှုတွေကို ရပ်တန့်ပြီး မိမိနိုင်ငံ ပြည်တွင်းကပ်ရောဂါတိုက်ဖျက်မှုကို အာရုံထားဆောင်ရွက်ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတွန်းအားပေး ဆောင်ရွက်သွားစေလိုတယ်”ဟု ပြောကြားခဲ့သည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.