Connect with us

CHINA

တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေးများကို တစ်ကမ္ဘာလုံး သာတူညီမျှရရှိရန်အတွက် COVAX နှင့် ချိတ်ဆက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ပြော

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Sinovac Biotech လီမိတက်တွင် COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက COVAX သို့ ချိတ်ဆက်ခြင်းသည် အေးအတူ၊ ပူအမျှ ကျန်းမာသောအသိုက်အဝန်း အယူအဆကို ထိန်းသိမ်းရန် အရေးပါသောဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး COVID-19 ကာကွယ်ဆေးကို ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ်သို့ ဖော်ဆောင်ရေး ကတိကဝတ်ကို ဖြည့်စွမ်းခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံသည် COVAX ကို ထောက်ခံလျက်ရှိသော အကြီးဆုံးနိုင်ငံဖြစ်ပါတယ်” ဟု ကျောက်လိကျွမ်းက နေ့စဉ်သတင်းစာရှင်းပွဲ၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက COVAX နှင့်ချိတ်ဆက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများကို ၎င်းတို့၏ထုတ်လုပ်နိုင်စွမ်း တိုးတက်စေရန်၊ ထုတ်လုပ်မှုပမာဏ သေချာစေရန် မြှင့်တင်ပေးသွားမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုနိုင်သော၊ သင့်တင်မျှတသော ကာကွယ်ဆေးများဖြစ်စေရန် အားပေးသွားမည်ဟု မျှော်လင့်ကြောင်း ကျောက်က ပြောခဲ့သည်။

ယခုအခါ COVAX နှင့် ချိတ်ဆက်ဆောင်ရွက်ထားသော နိုင်ငံနှင့် စီးပွားရေးလုပ်ငန်း ၁၈၄ ခုရှိပြီး ကမ္ဘာတစ်ဝန်း COVID-19 ကာကွယ်ဆေးများ သာတူညီမျှရရှိရေးအတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ပြောခဲ့သည်။ တရုတ်နိုင်ငံသည် ကာကွယ်ဆေးမိတ်ဖက်ဖြစ်သော Gavi နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အောက်တိုဘာ ၈ ရက်တွင် တရားဝင်ချိတ်ဆက်ခဲ့သည်။

“ကာကွယ်ဆေးလေးမျိုးက လက်တွေ့စမ်းသပ်မှုအဆင့်-၃ ကို ရောက်ရှိနေပြီး တရုတ်နိုင်ငံက ကာကွယ်ဆေးထုတ်လုပ်မှုက လုံလောက်လျက်ရှိပါတယ်။ သို့သော်ငြားလည်း တရုတ်နိုင်ငံက COVAX နဲ့ချိတ်ဆက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ ကောင်းမွန်တဲ့ ဆောင်ရွက်မှုတွေကတစ်ဆင့် ကာကွယ်ဆေး ဖြန့်ဖြူးမှု သာတူညီမျှရရှိရေး မြှင့်တင်ဖို့နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကာကွယ်ဆေးပေးဝေမှု သေချာစွာဆောင်ရွက်ဖို့နဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်းရှိသော နိုင်ငံတွေအနေနဲ့ COVAX ကို ချိတ်ဆက်ဖို့နဲ့ ပံ့ပိုးပေးဖို့ တိုက်တွန်းအားပေးဖို့ ဖြစ်ပါတယ်” ဟု ကျောက်က ဆိုသည်။

တရုတ်နိုင်ငံ အစိုးရသည် COVAX တွင် ပါဝင်ချိတ်ဆက်ခြင်းဖြင့် ကာကွယ်ဆေး သုတေသနနှင့် ဖော်ထုတ်မှုတ်တွင် ပါဝင်မည့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးလျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေးများကို ပူးတွဲထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua)