Connect with us

CHINA

ဖိလစ်ပိုင်နိုင်ငံ၏ COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက အစွမ်းကုန် ကြိုးပမ်းကူညီသွားမည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Teodoro Locsinတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၆ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Teodoro Locsin နှင့် ချိန်းဆိုထားသည့်အတိုင်း မတ် ၁၅ ရက်က ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Teodoro Locsinက ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ COVID-19ရောဂါတိုက်ဖျက်ရေးကို ခိုင်မာစွာထောက်ခံကြောင်း ထပ်မံပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ လက်ရှိရရှိသည့် ရလဒ်များအတွက် ဂုဏ်ယူကြောင်း၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီသည်  တရုတ် နိုင်ငံ ပြည်သူများကို ဦးဆောင်ကာ အခက်အခဲထပ်ထပ် ကို ရင်ဆိုင်ကျော်လွှား အောင်နိုင်သည့် သမိုင်းရှိခဲ့ရာ  COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် အောင်မြင်မှုရရှိ မည်ဟု ဖိလစ်ပိုင်နိုင်ငံက အစဉ်အမြဲ ခိုင်မာစွာ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံသည် ကပ်ရောဂါတိုက်ဖျက်ရေးအခက်အခဲအကြပ်အတည်းကာလဖြစ်ရာ ဆေးကုသရေးအထောက်အပံ့ပစ္စည်းနှင့်စက်ပစ္စည်းများ လိုအပ်သည့်အခက်အခဲနှင့် ကြုံတွေ့လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံအား ကူညီဆောင်ရွက်ပေးစေ လိုကြောင်းနှင့်  ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ စေလွှတ်ပေးရန် စဉ်းစားပေးစေလို ကြောင်း ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Teodoro Locsinက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကလည်း လက်ရှိအချိန်တွင် တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံလုံးသည် အင်တိုက်အားတိုက် COVID-19 ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံ အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေကိုလည်း အထူးအလေးထားပါကြောင်း၊ တရုတ်နိုင်ငံ ကပ်ရောဂါအခြေအနေဆိုးဝါးခဲ့သည့်အချိန်အခါတွင် ဖိလစ်ပိုင်နိုင်ငံ အစိုးရနှင့် လူမှုအဖွဲ့အစည်း ကဏ္ဍအသီးသီးက တရုတ်နိုင်ငံအား တန်ဖိုးထားထောက်ခံအားပေးများ ပေးခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ ပြည်သူများရင်ဆိုင်နေရသည့် လက်ရှိတွင် အခက်အခဲကို ကိုယ်ချင်းစာနာ နားလည်သိရှိပါကြောင်း ၊ ဖိလစ်ပိုင်နိုင်ငံနှင့်အတူ လက်တွဲကာ လက်ရှိအခက်အခဲကို ကျော်လွှားသွားလိုကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ပင်လယ်တစ်ဖက်ကမ်း ရေချင်းဆက်နွယ်နေသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ရာ အစွမ်းကုန် ကြိုးပမ်းကူညီဆောင်ရွက်သွားလိုကြောင်း ၊ ရောဂါစမ်းသပ်ရေးပစ္စည်းနှင့် ရောဂါ ကာကွယ်ရေး အင်္ကျီစသည့် အရေးတကြီးလိုအပ်နေသည့် ဆေးကုသရေး ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရန် ဆုံးဖြတ်ပြီးဖြစ်ရာ ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့စေလွှတ်ပေးရန် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ၊ ဖိလစ်ပိုင်နိုင်ငံသည် သမ္မတ ဒူတာတေး၏ ဦးဆောင်မှုတွင် ကပ်ရောဂါကို လုံးဝအောင်နိုင်မည်ဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြာခဲ့သည်။ (Xinhua)