Connect with us

CHINA

ကာဂျစ္စတန်နိုင်ငံ၏ COVID-19 တိုက်ဖျက်မှုအတွက် တရုတ်နိုင်ငံ ဆက်လက်ကူညီမည်ဟု သမ္မတ ရှီကျင့်ဖိန် ပြောကြား

ပေကျင်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် COVID-19 တိုက်ဖျက်ရေးတွင် ကာဂျစ္စတန်နိုင်ငံနှင့် အတူတကွ ရပ်တည်သွားမည်ဖြစ်ပြီး တတ်စွမ်းနိုင်သရွေ့အကူအညီအထောက်အပံ့များ ပေးသွားမည်ဖြစ်ကြောင်း   တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က ဧပြီ ၁၄ ရက်တွင် ပြောကြားလိုက်သည်။

ကာဂျစ္စတန်နိုင်ငံ သမ္မတ ဆိုရွန်ဘိုင် ဂျင်ဘီကော့ဗ် (Sooronbai Jeenbekov) နှင့် တယ်လီဖုန်းနှင့် ဆက်သွယ်ပြောဆိုမှုအတွင်း သမ္မတ ရှီက ယခုလိုမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ ကူညီသော ထောက်ပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား၌ ကာဂျစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် တုသဲဝန် (ဝဲ) နှင့် ကာဂျစ္စတန်နိုင်ငံ ကျန်းမာရေးဝန်ကြီး Sabirzhan Abdikarimov တို့အား တေွ့ရစဉ် (ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ကမ္ဘာတစ်ဝန်းပျံ့နှံ့နေပြီး  နိုင်ငံအားလုံးရှိ ပြည်သူများ၏ကျန်းမာရေးနှင့်ဘေးကင်းမှု ကို အကြီးအကျယ်ခြိမ်းခြောက်နေသည် ဟု ရှီက ဆိုသည်။ 

တရုတ်နိုင်ငံသည် ကာဂျစ္စတန်နိုင်ငံ၏ လက်ရှိအခက်အခဲများအပေါ်စာနာကြောင်းနှင့် တရုတ်ပြည်သူများက ကာဂျစ္စတန်ပြည်သူများအပေါ် ညီရင်းအစ်ကိုချစ်ကြည်ရင်းနှီးမှု ထားရှိပါကြောင်း သမ္မတ ရှီကပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကာဂျစ္စတန်နိုင်ငံအား ရောဂါထိန်းချုပ်မှု အတွေ့အကြုံများ၊ ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များဆက်လက်ဝေမျှဖို့ အသင့်ရှိနေပြီး ကာဂျစ္စတန်နိုင်ငံသို့ ဆေးပညာရှင်များ ဖြစ်နိုင်သမျှမြန်မြန် စေလွှတ်သွားမည်ဖြစ်ကြောင်း ရှီက ဖြည့်စွက်ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှီက ကာဂျစ္စတန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် တောင်တန်းများ၊ မြစ်ချောင်းများဖြင့် ဆက်စပ်နေသည့် ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်သလို  ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကာဂျစ္စတန်နိုင်ငံနှင့်အတူ ကံကြမ္မာအကျိုးတူ လူသားမျိုးနွယ် အသိုက်အဝန်းတစ်ခု တည်ဆောက်ရေး မျှော်မှန်းချက်၊ နှစ်နိုင်ငံအဆင့်မူဘောင် နှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကဲ့သို့ နိုင်ငံစုံပါဝင်ရေး မူဘောင်များအတွင်း စည်းလုံးညီညွတ်မှု၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး အတွက် အတူတကွ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ ရှီက ထပ်လောင်းပြောကြားခဲ့သည်။

ကာဂျစ္စတန်နိုင်ငံ သမ္မတ ဂျင်ဘီကော့ဗ်က တရုတ်နိုင်ငံရှိ ကာဂျစ္စတန်နိုင်ငံသားများကို စောင့်ရှောက်ပေးခြင်းနှင့် ကာဂျစ္စတန်၏ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တန်ဖိုးရှိသော ထောက်ပံ့ ကူညီမှုများ ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောခဲ့သည်။

ကာဂျစ္စတန်နိုင်ငံသည် တရုတ်ပြည်သူများ၏ အယုံကြည်ရဆုံး မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းအဖြစ်အမြဲရှိနေမည်ဖြစ်ကြောင်း၊ ကာဂျစ္စတန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ စိုက်ပျိုးရေးနှင့် တခြား နယ်ပယ်များ၌ နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ဖွံဖြိုးတိုးတက်မှု ပူးတွဲမြှင့်တင်ရန်နှင့် ကံကြမ္မာအကျိုးတူ လူသားမျိုးနွယ်အသိုက်အဝန်း တည်ဆောက်ရေး အဆင့်မြှင့်တင်ရန် အသင့်ရှိကြောင်းလည်း ဂျင်ဘီကော့ဗ်က ဖြည့်စွက်ပြောခဲ့သည်။  (Xinhua)