Connect with us

CHINA

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က COVID-19 တိုက်ဖျက်ရေးတွင် ဆောင်ရွက်ကြသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ထျန်းဟော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် စစ်ဘက်ဆိုင်ရာ ဆေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် (CMC) ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွင် လုပ်ဆောင်လျက်ရှိသော စစ်တပ် တပ်ဖွဲ့ဝင်များအားလုံးကို ဂုဏ်ပြုချီးကျူးခြင်းအမိန့်စာတစ်ခုအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

COVID-19 ဖြစ်ပွားစဉ်ကစ၍ တပ်မတော်တစ်ခုလုံးက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင် တို့၏ ဆုံးဖြတ်ချက်များနှင့် အမိန့်များအား နာခံဆောင်ရွက်ခဲ့ကြပြီး ကြီးမားသော တာဝန်များကို ထမ်းဆောင်ခဲ့ကာ ပြည်သူများ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တိုက်ပွဲတွင် အနိုင်ရရှိစေရန် ထူးချွန်ပြောင်မြောက်စွာ ကူညီဆောင်ရွက်လျက်ရှိကြကြောင်း အမိန့်စာ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဟောဆန်ဆန်းဆေးရုံအား အလေးပြုနေသည့် စစ်ဘက်ဆိုင်ရာ ဆရာဝန်များအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ တာဝန်ထမ်းဆောင်လျက်ရှိသော စစ်တပ်တပ်ဖွဲ့ဝင် အဆင့်အားလုံးရှိ ပါတီအဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များသည် စံပြအခန်းကဏ္ဍ၌ ပါဝင်သလို စစ်ဘက်ဆိုင်ရာ ဆရာဝန်များကလည်း ဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် နေ့ရောညပါ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် အဓိကအင်အားစုအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း လည်းဖော်ပြထားသည်။

ထို့ပြင် စစ်တပ်အတွင်းရှိ သိပ္ပံသုတေသီများကလည်း ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ခိုင်မာသော သိပ္ပံနှင့် နည်းပညာ ပံ့ပိုးမှုများ ထောက်ပံ့ရန် အရေးပေါ် သုတေသန ကြိုးပမ်းအားထုတ်မှုတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြသည်။ သတင်းစာဆရာများကလည်း တပ်မတော်၏ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအကြောင်းအရာများအား မှတ်တမ်းတင်ရန် အခက်အခဲများကို ရဲရင့်စွာရင်ဆိုင်ကာ တရုတ်နိုင်ငံနှင့် ကမ္ဘာ၏ စိတ်ဓာတ်နှင့် ယုံကြည်မှုကို မြှင့်တင်ပေးခဲ့သည်ဟု ဆိုသည်။

အလားတူပင် ညှိနှိုင်းဆောင်ရွက်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြားတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များသည်လည်း ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုများအတွက် အားကြိုးမာန်တက် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုသည် တပ်မတော်တစ်ခုလုံးအတွက် ကြီးမားသော တိုက်ပွဲနှင့် အဓိက တာဝန်ဖြစ်ကြောင်း၊ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွင် ပါဝင်သူများအားလုံးက ခိုင်မာသော ယုံကြည်မှုနှင့် စိတ်နှစ်မြှုပ်မှုတို့ဖြင့် ကြီးမားသော ကိုယ်ကျိုးစွန့်မှုများ လုပ်ဆောင်ခဲ့ကာ ယင်းလုပ်ငန်းကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်းလည်းဖော်ပြထားသည်။

“၎င်းတို့အားလုံးက တရုတ်နိုင်ငံ တပ်မတော်၏ ကြောက်ရွံ့တုန်လှုပ်မှုကင်းသော စိတ်ဓာတ်ကို ဖော်ပြခဲ့ကြပါတယ်” ဟု အမိန့်စာက ဆိုသည်။

အဆိုပါ အမိန့်စာသည် တပ်မတော်တစ်ခုလုံးအား ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွင် ပါဝင်သူများထံမှ လေ့လာရန်နှင့် အင်အားတောင့်တင်းသော စစ်တပ်တစ်ခု တည်ဆောက်ရေးတွင် ပိုမိုလုပ်ဆောင်ရန် ပြောကြားခဲ့သည်။  (Xinhua)