Connect with us

CHINA

တရုတ်နိုင်ငံ၏ COVID-19 တုံ့ပြန်မှုအပေါ် ထောက်ခံကြောင်း အက်ကွီတိုးရီးယဲလ်ဂီနီနိုင်ငံ သံအမတ်ကြီး ပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အက်ကွီတိုးရီးယဲလ်ဂီနီ နိုင်ငံ သမ္မတ Teodoro Obiang Nguema Mbasogo တို့ပေကျင်းမြို့၌ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် တွေ့ဆုံ ဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ဧပြီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဆိုင်ရာ အက်ကွီတိုးရီးယဲလ်ဂီနီနိုင်ငံ(Equatorial Guinea) သံအမတ်ကြီး German Ekua Sima Abaga က COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုအပေါ် ထောက်ခံကြောင်း ပြောကြားလိုက်သည်။

ဆင်ဟွာသတင်းဌာန နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် သံအမတ်ကြီးက တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံဆောင်ရွက်ခြင်း ၊ တင်းတင်းကြပ်ကြပ်ဆောင်ရွက်ခြင်း နှင့် အသေးစိတ်ဂရုတစိုက်ဆောင်ရွက်ခြင်းများကို အစီအစဉ်တကျ လုပ်ဆောင်ခဲ့သည့်အတွက် ကူးစက်ရောဂါအန္တရာယ်လျှော့ချရန် အကျိုးထိရောက်မှုကို ရရှိခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ COVID-19 ကူးစက်မှုကို ထိန်းချုပ်ဖို့ တရုတ်နိုင်ငံအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုအပေါ် ကျွန်တော်တို့ အလေးပြုပါတယ်” ဟု ၎င်းကဆိုသည်။တရုတ် နှင့် အက်ကွီတိုးရီးယဲလ်နိုင်ငံတို့သည် ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက တစ်နိုင်ငံ နှင့် တစ်နိုင်ငံ အပြန်အလှန်ထောက်ခံအားပေးခဲ့ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

“ တရုတ်နဲ့အက်ကွီတိုးရီးယဲလ် နိုင်ငံတို့ဟာ  မိတ်ဆွေကောင်း ၊ မိတ်ဖက်ကောင်း နဲ့ ညီအစ်ကိုကောင်း တွေအဖြစ် အစဉ်အမြဲတည်ရှိခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ ချစ်ကြည်ရင်းနှီးမှုဟာ အပြန်အလှန်ထောက်ခံအားပေးမှုနဲ့ရိုးသားဖြောင့်မှတ်မှုအပေါ် အခြေခံပါတယ် ” ဟု ၎င်းက ဆိုသည်။

အချို့သော အနောက်တိုင်း နိုင်ငံရေးသမားများ၏ အခြေအမြစ်မရှိသော ဝေဖန်တိုက်ခိုက်မှုများ  နှင့် မကြာသေးမီက အခြားနိုင်ငံများ၏ ရောဂါထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုများအပေါ် ဆန့်ကျင့်ရေးသားခဲ့သည့် မီဒီယာများအပေါ် အက်ကွီတိုးရီးယဲလ် သံအမတ်ကြီးက တုံ့ပြန်ပြောကြားရာတွင် အဆိုပါဝေဖန်မှုများသည် “ မလျော်ကန်ကြောင်း နှင့် မလိုအပ်ကြောင်း” နှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဘုံရန်သူဖြစ်သည့် COVID-19 ရောဂါကို တိုက်ဖျက်ရန် ယခင်ကာလများထက် ပို၍ စည်းလုံးညီညွတ်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် အာဖရိကတိုက်သည် နီးကပ်သော ဆက်သွယ်မှုများ တည်ရှိခဲ့ကြောင်း နှင့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံးပြည်နယ်မှ အာဏာပိုင်များသည် ကွမ်တုံးပြည်နယ်အတွင်း နေထိုင်ကြသော အာဖရိကတိုက်သားများ၏ အခြေအနေအပေါ် အချို့သော အာဖရိကနိုင်ငံများ၏ စိုးရိမ်ပူပန်မှုများကို ဖြေသိမ့်ပေးရန်အတွက် ဆောင်ရွက်ဖွယ်ရာသစ်များကို ဖြည့်ဆည်း လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ကြောင်း  ထည့်သွင်း ပြောကြားခဲ့သည်။

“ ကပ်ရောဂါကာကွယ်တားဆီးရေးကို နယ်နိမိတ် သို့မဟုတ် အသားအရောင်ပေါ် မူတည်ပြီး လုပ်လို့မရပါဘူး။ လူသားအားလုံး အပေါ် သာတူညီမျှ ပြုမူသင့်ပါတယ် ” ဟု သံအမတ်ကြီးက ဆိုသည်။ အနည်းငယ်သော တစ်ဦးချင်းကိစ္စရပ်များသည် တရုတ် နှင့် အာဖရိကအကြား တည်ရှိခဲ့သော သဟဇာတဖြစ်မှုအပေါ် သက်ရောက်မှု မရှိသင့်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအတွင်းရောက်ရှိနေသည့် အက်ကွီတိုးရီးယဲလ်ဂီနီနိုင်ငံသားများအနေဖြင့် ကပ်ရောဂါစတင်ပျံ့နှံ့ကတည်းက တရုတ်နိုင်ငံအစိုးရ၏ ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်ချက်တွင် တရုတ်ပြည်သူများနှင့်အတူလိုက်နာ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။(Xinhua)