Connect with us

CHINA

တရုတ်နိုင်ငံမှ နှာခေါင်းစည်း အခုရေ ၁.၅ သန်းကို အမေရိကန် နိုင်ငံသို့ Boeing Dreamlifter လေယာဉ်ဖြင့် ပို့ဆောင် 

တရုတ်နိုင်ငံ မြောက်ပိုင်း ဟူပေပြည်နယ်ရှိ ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်း ထုတ်လုပ်ရေး အလုပ်ရုံ တစ်ရုံ၌ နှာခေါင်းစည်းများအား ရေတွက်နေသည့် အလုပ်သမား တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံမှ အမေရိကန် နိုင်ငံသို့ ပို့ဆောင်မည့် တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်း(PPE)များ သယ်ဆောင်ရန် Boeing Dreamlifter လေယာဉ်တစ်စင်းကိုအသုံးပြု ဆောင်ရွက်ခဲ့ကြောင်း ဘိုးရင်းကုမ္ပဏီက ဧပြီ ၂၆ ရက်တွင်ပြောကြားခဲ့သည်။

ဧပြီ ၂၆ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ ဘိုးရင်းကုမ္ပဏီသည် ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်း ၁.၅ သန်း အား တောင်ကယ်ရိုလိုင်းနားပြည်နယ်ရှိ Prisma Health အဖွဲ့အစည်းရှိ ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်နေသော ကျွမ်းကျင်ပညာရှင်များအတွက် ရည်ရွယ်၍ Prisma Health ၊ Atlas Air Worldwide ၊ Discommon တို့နှင့် ပူးပေါင်း၍ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပစ္စည်းတင်သွင်းသည့် Discommon က တရုတ်နိုင်ငံ မှထုတ်လုပ်သည့် လုံခြုံစိတ်ချသော တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်း(PPE)များအား တောင်ကယ်ရိုလိုင်းနား ပြည်နယ်ရှိ အကြီးဆုံး ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်း ဖြစ်သည့် Prisma Health ထံသို့ ပို့ဆောင်ရေး လွယ်ကူချောမွေ့စေရန် ဘိုးရင်းကုမ္ပဏီမှ ပျံသန်းပေးခဲ့ကြောင်း ၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကို ဘိုးရင်း ကုမ္ပဏီ ကိုယ်စား လေယာဉ် ခရီးစဉ် စီစဉ်ပေးသည့် Atlas Air လေကြောင်းလိုင်းနှင့်အတူ ဘိုးရင်းက ပူးပေါင်းလှူဒါန်းခဲ့ကြောင်း ကုမ္ပဏီထံမှ သိရသည်။ 

 Prisma Health အဖွဲ့အစည်း၏  CEO နှင့်  ဥက္ကဋ္ဌ ဖြစ်သူ Mark O’Halla က “ဒါက တောင်ကယ်ရိုလိုင်းနားပြည်နယ် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတွေအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိပါတယ်။ အခုလို လုံခြုံစိတ်ချရတဲ့ အထောက်အပံ့တွေကို ပို့ဆောင်ရေးစိန်ခေါ်မှုတွေ ရှိတဲ့ အချိန်မှာ ဘိုးရင်းကုမ္ပဏီက ကူညီပေးတဲ့အတွက်အများကြီး ကျေးဇူးတင်ပါတယ်။”ဟု ပြောကြားခဲ့သည်။ 

ဘိုးရင်း 747-400 ကုန်တင်လေယာဉ်အကြီးစားအား ပုံစံပြောင်းထားသည့် Dreamlifter လေယာဉ်သည် နှာခေါင်းစည်းများ သယ်ဆောင်ကာ ဟောင်ကောင်မှ တောင်ကယ်ရိုလိုင်းနား ပြည်နယ် ဂရင်းဗိုင်းမြို့သို့ ပျံသန်းခဲ့ကြောင်း ၊ သယ်ယူပို့ဆောင်ရေးများ ပြီးဆုံးပြီးချိန်တွင် Dreamlifter လေယာဉ်သည် တောင်ကယ်ရိုလိုင်းနား ပြည်နယ် မြောက်ပိုင်း Charleston ရှိ ၎င်း၏ အခြေစိုက်စခန်းသို့ ပြန်လာမည် ဖြစ်ကြောင်း နှင့်  ကမ္ဘာလုံးဆိုင်ရာ လေကြောင်း ထောက်ပံ့ရေးကွင်းဆက်တစ်စိတ်တစ်ပိုင်းအဖြစ် 787 Dreamliner အစိတ်အပိုင်းအား ကပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဘိုးအင်းကုမ္ပဏီက ပြောကြားခဲ့သည်။ 

အနာဂတ်လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ecoDemonstrator နှင့် Boeing Dreamlifter လေယာဉ် တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ထည့်သွင်း ပြောကြားခဲ့သည်။ဘိုးရင်းကုမ္ပဏီသည် တရုတ်နိုင်ငံမှ အမေရိကန် နိုင်ငံသို့ တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်း(PPE)များ သယ်ဆောင်ရန် 737-700 လေယာဉ်ကို အသုံးပြုပြီး ပထမဆုံး COVID-19 ကာကွယ်ရေးပစ္စည်းများ ပို့ဆောင်ရေး တာဝန်ကို ဧပြီ ၁၈ ရက်တွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)